နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် တန်ဖိုးကြီးသော အရင်းအနှီးမှာ ပညာရေးဖြစ်သည်။ ပညာရေးဖြင့် ရင်းနှီးမြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ကို တည်ဆောက်ကြသည်။ ပညာသည် မကုန်ခန်းနိုင်သော အရင်းအမြစ်ဖြစ်၍ ပညာဖြင့် ဘက်စုံလွှမ်းခြုံလာအောင် ကြိုးပမ်းနေကြသည်။ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ မြင့်မားတိုးတက်လာရန်အတွက် စနစ်သစ်ပညာရေးကို အကောင်အထည်ဖော်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ပညာရေးစနစ်သစ်သည် ဘက်စုံပညာရေးကို ဦးတည်ဖော်ဆောင်နေသည်။
မျက်မှောက်ကာလတွင်
စနစ်သစ်ပညာရေးကို အတန်းစဉ်အလိုက် ပညာသင်နှစ်အလိုက် အကောင်အထည်ဖော်ခဲ့ရာ
လာမည့်ပညာသင်နှစ် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် KG+12 ပညာရေးစနစ်၏ နောက်ဆုံးအတန်းဖြစ်သော Grade-12 ဖွင့်လှစ်သင်ကြားတော့မည် ဖြစ်သည်။ စနစ်သစ်ပညာရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရာ၌
ဆရာ၊ ကျောင်းသား ပကတိအခြေအနေများနှင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက်
ကျောင်းသားနှင့် ပညာရေးကို မျက်ခြည်မပြတ် အကဲဖြတ် ဆန်းစစ်နေကြရသည်။ အောက်တိုဘာလ ၂၉
ရက်နေ့တွင် ပြဋ္ဌာန်းထားသည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းခဲ့ပြီး
မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ဆက်လက်မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်ကို
တွေ့ရသည်။
အစောပိုင်းက
အခြေခံပညာအဆင့်ကို ဒသမတန်း(၁၀ တန်း)တွင် ပြီးဆုံးခဲ့ပြီး အဆင့်မြင့်ပညာသို့
တက်လှမ်းကြရသည်ဖြစ်သော်လည်း ယခုအခါတွင် အခြေခံပညာအဆင့်ကို Grade-12 (၁၂ တန်း)အဖြစ်
ပြောင်းလဲသင်ကြားလာကြရာတွင် စာသင်နှစ်ပိုမိုလာသည်ဟု ထင်မှတ်ဖွယ်ရှိသည်။
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် နှစ်စဉ် ပညာသင်ကြားခဲ့ကြသော ကျောင်းသား
ကျောင်းသူအားလုံးကို ခြုံငုံကြည့်မည်ဆိုပါက မူလတန်းပညာ၊ အလယ်တန်းပညာ၊ အထက်တန်းပညာများကို
အကြောင်းအမျိုးမျိုးဖြင့် ပြီးဆုံးအောင် သင်ကြားနိုင်ခြင်းမရှိဘဲ တစ်ဝက်တစ်ပျက်ဖြင့်
ရပ်တန့်သွားကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားအားလုံး
ပညာသင်ကြားနိုင်ရေးကို ရှေးရှု၍ ဘက်စုံပညာရေးစနစ်သစ်ကို ပြောင်းလဲကျင့်သုံးလာခြင်းဖြစ်သည်။
ပညာရေးစနစ်သစ်တွင်
ကလေးသူငယ်တိုင်း မူလတန်းပညာမသင်မနေရ ဥပဒေကို ပြဋ္ဌာန်းထားပြီး
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ “အကြောင်းအမျိုးမျိုးကြောင့်
မူလတန်းအဆင့်ပညာရေးကို သင်ယူခွင့်မရရှိခဲ့သော သို့မဟုတ်
သင်ယူပြီးမြောက်မှုမရှိခဲ့သော အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း ကလေးများသည်
ကျောင်းပြင်ပ မူလတန်းပညာရေးကို သင်ယူရမည်”ဟု ပြဋ္ဌာန်းထားသည်။
နိုင်ငံတစ်နိုင်ငံတွင် ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များ ပေါများပါမှ
အဆိုပါနိုင်ငံသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်နိုင်သည်။
မြန်မာနိုင်ငံတွင် ပညာကို ဆုံးခန်းတိုင်အောင် သင်ကြားနိုင်စွမ်းမရှိသည့်
အကြောင်းအမျိုးမျိုးရှိနေရာ ပညာရည် အဆင့်အတန်းအလိုက် လူ့စွမ်းအားအရင်းအမြစ်များ
ပေါ်ထွက်လာရေး အစီအမံများကို စီစဉ်ပြဋ္ဌာန်း ဆောင်ရွက်နေသည်။
အခြေခံပညာကို
အဆင့်လိုက်သင်ကြားနေသော ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့်
၎င်းတို့၏ဘဝ၊ ရည်ရွယ်ချက်၊ အခြေအနေများ အပေါ်မူတည်၍ သင့်လျော်ရာကို
ရွေးချယ်ဆောင်ရွက်နိုင်စေရန်အတွက် အခွင့်အလမ်းများ ရရှိလာပြီဖြစ်သည်။
အထက်တန်းအဆင့်တွင် ဘာသာတွဲလေးတွဲခွဲကာ မိမိတို့နှစ်သက်ရာ ဘာသာတွဲကို လေ့လာသင်ယူနိုင်သည်။
ယခင်စနစ်ဟောင်း ပညာရေးစနစ်နှင့် မတူညီသည့်အချက်မှာ စနစ်သစ်ပညာရေးသည် စဉ်းစားတွေးခေါ်မှုကို
အားပေးခြင်း၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို အလေးပေးခြင်း၊ ကလေးများ၏
မတူညီသည့်ဝါသနာနှင့် အတွေးအခေါ်များကို လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်နိုင်ခွင့်ရှိသည်။
အဆင့်မြင့်ပညာကို
ဆည်းပူးမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် Grade-12 ကို ပြီးဆုံးအောင် သင်ကြားကာ
အဆင့်မြင့်ပညာများကို ဆက်လက်ဆည်းပူးနိုင်သည်။ အခြေခံပညာတွင် KG+12 ပညာရေးစနစ်ကို သင်ကြားပေးရာ၌ Gread-9
အောင်မြင်ပြီးသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အဆင့်မြင့်ပညာကို
ဆက်လက်မဆည်းပူးတော့ဘဲ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားလိုပါက
စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုစသည်ဖြင့် ဝါသနာပါရာ အထူးပြုဘာသာရပ်များကို
သင်ကြားနိုင်မည်ဖြစ်သည်။ ယခုအခါတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ
ခရိုင် ၅၀ တွင် စက်မှု-စိုက်ပျိုး-မွေးမြူရေး အထက်တန်းကျောင်း ၅၀ ကို
ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်သည်။
သို့ဖြစ်ရာ
မြန်မာနိုင်ငံပညာရေးကဏ္ဍ လိုအပ်ချက်ကို စနစ်သစ်ပညာရေးစနစ်ဖြင့် ပြောင်းလဲ ဖြည့်ဆည်းပေးနေပြီဖြစ်ရာ
အခြေခံပညာအဆင့်တွင် ပညာသင်ကြားမှု မဆုံးရှုံးနိုင်တော့ဘဲ
နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားတိုးတက်ရေးအတွက် လိုအပ်နေသည့် လူ့စွမ်းအား
အရင်းအမြစ်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်တော့မည် ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment