Monday, October 31, 2022

အဖျက်သဘောဆောင်သည့် အစီရင်ခံစာများနှင့် အမှန်တရားပျောက်ကွယ်နေသည့် ဆွေးနွေးမှုများ

 


(၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီ)က မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်း၍ အောက်တိုဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ ဆွေးနွေးရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူတို့၏ အစီရင်ခံစာများအပေါ်တွင် အပြန်အလှန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ မြန်မာ့အရေးဟူ၍ ဆွေးနွေးကြရာတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် တရားဝင် ကိုယ်စားလှယ်များမပါသည့်အပြင် ၎င်းတို့ဆွေးနွေးခဲ့ကြသည့် အစီရင်ခံစာ ဆိုသည်များမှာလည်း မမှန်ကန်သည့် သတင်းအချက်အလက်များနှင့် ချဲ့ကားထားသည့် အချက်အလက်များသာဖြစ်ရာ ဆွေးနွေးပွဲတွင် အမှန်တရားသည် ပုံပျက်ပန်းပျက် ဖြစ်နေသလို ပျောက်ကွယ်နေသည်ဟုလည်း ဆိုရမည်ဖြစ်သည်။

စင်စစ်မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ကိစ္စများကို မြန်မာနိုင်ငံပြင်ပမှနေ၍ အမှန်အတိုင်း သိရှိနားလည်နိုင်ရန် ခဲယဉ်းသည်။ နိုင်ငံပိုင်မီဒီယာများနှင့် ပြည်တွင်း၌ တရားဝင် ဖြန့်ချိထုတ်လွှင့်လျက်ရှိသည့် မီဒီယာများတွင် တရားဝင်သတင်း အချက်အလက်များနှင့် မှန်ကန်မျှတသည့် သတင်းအချက်အလက်များကို ရရှိနိုင်သော်လည်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ပုဂ္ဂိုလ်အဆက်ဆက်တို့က လျစ်လျူရှုခဲ့ကြသည်။ ၎င်းပုဂ္ဂိုလ်တို့က မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ (အကြမ်းဖက်သမားများအပါအဝင်)၏ အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိသည့် နှုတ်ပြောစကားများကိုသာ သတင်းအချက်အလက်များအဖြစ် ရယူခြင်းဖြင့် ၎င်းတို့ရေးသားသည့် အစီရင်ခံစားများမှာလည်း မှားယွင်းနေခဲ့သည်။ ယင်းအမှားအယွင်းတို့မှာလည်း ရိုးသားစွာမှားယွင်းမှုမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံနှင့် မြန်မာအစိုးရတို့ကို ၎င်းတို့တင်ကြိုသတ်မှတ်ထားသည့် ပုံစံတစ်ခုအတွင်းသို့ သွတ်သွင်းခြင်းဖြစ်ရာ လူတစ်ယောက်ကို တရားခံအဖြစ် ကြိုတင်စွပ်စွဲထားပြီး နောက်မှ မမှန်မကန် သက်သေများရှာဖွေ အထောက်အထားပြသကဲ့သို့ပင် ဖြစ်သည်။

တစ်ဖက်တွင်မူ ကျိုက်ထီးရိုးဘုရား တောင်တက်ကားဂိတ်တွင် ဘုရားဖူးပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုဖြစ်စဉ်နှင့် ကော့ကရိတ်မြို့ လူနေရပ်ကွက်များသို့ ဝင်ရောက်ပစ်ခတ်သည့် ဖြစ်စဉ်မျိုးကဲ့သို့သော ထင်ထင်ရှားရှား ဖြစ်စဉ်မျိုးတို့ကို နှုတ်ဆိတ်နေခြင်းအားဖြင့် ဝိုင်းဝန်ဖုံးကွယ်ပေးခဲ့ကြသည့်အပြင် အကြမ်းဖက်သမားတို့ကြောင့် အပြစ်မဲ့အရပ်သားများ၊ ဝန်ထမ်းများ၊ ရဟန်းသံဃာသီလရှင်များ ထောင်နှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရသည်တို့အပေါ်တွင်လည်း အစီရင်ခံစာ တင်သွင်းသူတို့က လျစ်လျူရှုခဲ့ကြသလို အပြန်အလှန်ဆွေးနွေးမှုများတွင် ချန်လှပ်ထားခဲ့ခြင်းအားဖြင့်လည်း မြန်မာနိုင်ငံအတွင်းမှ အကြမ်းဖက်လုပ်ငန်းများကို သွယ်ဝိုက်၍ ထောက်ခံခဲ့ကြသည်ဟု ဆိုရမည်ဖြစ်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့လူသားတို့အား ရောဂါကပ်ဘေးတို့မှ ကယ်တင်ရေး၊ လူ့အခွင့်အရေး စသည့် အခြေခံရည်ရွယ်ချက်များဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံများ တန်းတူရည်တူ ပါဝင်ဖွဲ့စည်းခဲ့သည့် ကုလသမဂ္ဂသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ဆေး ကူညီထောက်ပံ့မှုတွင် မြန်မာနိုင်ငံကို ချန်ထားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် မိမိဘာသာ ရုန်းကန်ခဲ့ရသလို မိတ်ဆွေနိုင်ငံအချို့၏ ကူညီထောက်ပံ့မှုဖြင့် နိုင်ငံသူနိုင်ငံသား တစ်ယောက်မကျန် ကာကွယ်ဆေးထိုးနှံရေး ဆောင်ရွက်ခဲ့ရသည်။ ယခု မြန်မာနိုင်ငံအရေးတွင်လည်း အကြမ်းဖက်သမားများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုတို့အပေါ် ကုလသမဂ္ဂက လျစ်လျူရှုနှုတ်ဆိတ်ကာ အခြေအမြစ်မရှိ မမှန်မကန် အစီရင်ခံစာများ၊ ချဲ့ကားထားသည့် အချက်အလက်များကို အခြေခံ၍ ဆွေးနွေးမှုများသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့အတွက် အဖျက်သဘောကိုသာ ဆောင်သည့်အလျောက် ပြင်းထန်စွာ၊ ပြတ်သားစွာ ကန့်ကွက်ရှုတ်ချ ပယ်ချအပ်သည်သာ ဖြစ်ပါကြောင်း။   

No comments:

Post a Comment