နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်(၃)ရပ်တွင် ဈေးကွက် စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဟူသည့် အချက်နှစ်ရပ်ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်၍ အထူးစီးပွားရေးဇုန်များကို အကောင်အထည်ဖော် လျက်ရှိပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ကူညီအားပေးမြှင့်တင်ပေး နေသည်။ အထူးစီးပွားရေးဇုန်များနှင့်ပတ်သက်၍ “အထူးစီးပွားရေးဇုန်များ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက် လာမှသာ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သကဲ့သို့ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုး တိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အထူးစီးပွားရေးဇုန်များ အောင်မြင်တိုးတက်စေရန် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၂)တွင် ပြောကြားခဲ့သည်။
နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ပို့ကုန်ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ စီးပွားရေးကို ပိုမိုကျယ်ပြန့်လာအောင် ချိတ်ဆက်ပေးနိုင်ရေး၊ ကမ္ဘာ့တန်ဖိုး ကွင်းဆက်ကို အထောက်အကူပြုစေရေးနှင့် စက်မှုထုတ်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာကာ ထုတ်ကုန်အမျိုးအစားများစွာထုတ်လုပ်လာနိုင်ရေး စသည့်နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ရည်ရွယ်ပြီး အထူးစီးပွားရေးဇုန်များကို ထူထောင်ထားကြသည်။ ၂၀၁၉ ခုနှစ် စာရင်းများအရ နိုင်ငံ ၁၄၇ နိုင်ငံတွင် အထူးစီးပွားရေးဇုန် ၅၄၀၀ ခန့်ရှိပြီး ဇုန်အသစ် ၅၀၀ ကျော်ကိုလည်း အကောင်အထည်ဖော် လျက်ရှိသည်။
ဖွံ့ဖြိုးပြီးနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အထူးစီးပွားရေးဇုန်များတွင် အခြေခံအားဖြင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ပံ့ပိုးပေးမှုကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ထိုမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့်အလတ်စား ကုန်ထုတ်လုပ်ငန်းများ ပိုမိုခေတ်မီပြီး တီထွင်ဆန်းသစ်သော စက်မှုလုပ်ငန်းများ အဖြစ်သို့ တိုးမြှင့်ဆောင်ရွက်လာကြသည်။ မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်သုံးခုကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံနှင့်လည်းကောင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံနှင့်လည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံနှင့်လည်းကောင်း ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေသည်။ အဆိုပါအထူးစီးပွားရေးဇုန် သုံးခုအနက် သီလဝါအထူးစီးပွားရေးဇုန်သည် အောင်မြင်နေသော အထူးစီးပွားရေး ဇုန်ဖြစ်ပြီး စံပြဇုန်အဖြစ် ရပ်တည်လျက်ရှိသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းများသည် အရေးပါသကဲ့သို့ ဒေသခံများနှင့် နိုင်ငံတော် အတွက် အကျိုးများစွာဖြစ်ထွန်းနိုင်သဖြင့် အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရေနက်ဆိပ်ကမ်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကိုပါ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုစီမံကိန်းသည် နှစ်နိုင်ငံအတွက် အကျိုးများပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုပါရရှိစေမည်ဖြစ်သည်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသခံပြည်သူများအား ကျွမ်းကျင်သင်တန်းပေးပြီး စီမံကိန်းအကောင်အထည်ဖော်ချိန်တွင် စက်ရုံများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးပွားလာမည်ဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်သည် တိုးတက်မှုမရှိသဖြင့် ရင်းနှီးမြှုပ်နှံသူများ အသစ်ထပ်မံဖိတ်ခေါ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေသည်။ အထူးစီးပွားရေးဇုန်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မည်ဖြစ်သည်။ အထူးစီးပွားရေးဇုန်စီမံကိန်းများ အောင်မြင်ပါက အသေးစား၊ အငယ်စားနှင့်အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက်လည်း များစွာအထောက်အကူပြုလာမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေး၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများပေါများလာရေးနှင့် ပြည်သူတို့၏ လူနေမှုအဆင့်အတန်းများ မြင့်မားတိုးတက်လာရေး အတွက် အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်လာအောင် သက်ဆိုင်ရာတို့က ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်
No comments:
Post a Comment