Wednesday, October 26, 2022

မြန်မာနိုင်ငံတစ်ဝန်းလုံး၌ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်သွားမည်

နေပြည်တော် အောက်တိုဘာ ၂၅

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတ်မှတ်ချက်များအား ဥပဒေနှင့်အညီ တစ်ပြေးညီဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်

အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မြန်မာနိုင်ငံ၌ မော်တော်ယာဉ်ဆိုင်ရာ ကြီးကြပ်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်ရန် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ (၂၀၂၀) ကို ၂၀၂၀ ပြည့်နှစ် မေ ၂၆ ရက်တွင်လည်းကောင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင်လည်းကောင်း၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများဆိုင်ရာ ညွှန်ကြားချက်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင်လည်းကောင်း ပြဋ္ဌာန်းထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်သည့် ဌာန ဆိုင်ရာနှင့် ဆက်စပ်အဖွဲ့အစည်းများသို့ ဖြန့်ဝေခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် 1968 Vienna Convention on Road Traffic နှင့် Road Signs & Signals သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီးဖြစ်၍ လက်ရှိထုတ်ပြန် ကျင့်သုံးလျက်ရှိသော လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများသည် Vienna Convention ၏ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ပြီးဖြစ်ပါကြောင်း။

သို့ဖြစ်၍ မော်တော်ယာဉ်များ မောင်းနှင်အသုံးပြုနေသည့် လမ်းများကို မြေပြင်တွင် လက်တွေ့ အကောင်အထည်ဖော် စီမံခန့်ခွဲ ဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနများနှင့် မြို့တော်စည်ပင် သာယာရေး ကော်မတီများအနေဖြင့် ၎င်းညွှန်ကြားချက်နှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေး ရေးဆွဲစိုက်ထူကြရန်ဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သည့် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council- NRSC) အနေဖြင့် National Road Safety Action Plan (2021-2030) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်း Action Plan တွင်လည်း လမ်းညွှန်း၊ လမ်းအမှတ်အသား၊ အချက်ပြနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ် (၂) ရပ်ပါဝင်ပြီး လုပ်ငန်းစဉ်များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီများအနေဖြင့် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်စေရေး ညွှန်ကြားကြပ်မတ်လျက်ရှိပါကြောင်း။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတ်မှတ်ချက်များ၊ အထူးသဖြင့် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား ထုတ်ပြန်ထားသည့် နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေး သက်ဆိုင်ရာ တာဝန်ရှိသည့် ဝန်ကြီးဌာနများ၊ မြို့တော်စည်ပင် သာယာရေး ကော်မတီများက လေးစားလိုက်နာကြရန်နှင့် ကွဲလွဲမှုများရှိနေပါက ညွှန်ကြားချက်နှင့်အညီ အမြန်ဆုံး စိစစ်ပြုပြင် ဆောင်ရွက်ပေးပါရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က အချို့ဒေသများတွင် လမ်းညွှန်းလမ်းအမှတ်အသားဆိုင်ရာ ကွဲလွဲအသုံးပြုမှုများ စိစစ်တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာဥပဒေနှင့်အညီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူကူးမျဉ်းကျားနှင့် လမ်းပိုင်းများတွင် အသုံးပြုနေသော ဆေးရောင်များသည် သတ်မှတ်ညွှန်ကြားချက်နှင့်အညီ တစ်ပြေးညီဖြစ်ရန်လိုကြောင်း၊ လမ်းဘေးပလက်ဖောင်းများသည်လည်း လူသွားရန်လုံလောက် သည့် သတ်မှတ်အကျယ်အဝန်းရှိရန် ဆောင်ရွက်သင့်ကြောင်း၊ ယခုလမ်းညွှန်း လမ်းအမှတ် အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်းဆွေးနွေး အဖြေရှာကာ လိုအပ်မည်ဆိုပါက ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ယင်းနောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လမ်းညွှန်း လမ်းအမှတ်အသားများနှင့် အချက်ပြများဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး၊ အမြန်လမ်း ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများကဝိုင်းဝန်း အကြံပြု ဆွေးနွေးကြသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများတစ်ပြေးညီ ဖြစ်စေရေး အတွက် ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment