Wednesday, October 26, 2022

မှတ်တမ်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းရေးသားခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ်(၂)ဖွင့်

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းမှန်များကို ပြည်သူလူထုထံရောက်ရှိအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အလေးထားဆောင်ရွက်လျက်ရှိ

နေပြည်တော် အောက်တိုဘာ ၂၅

မှတ်တမ်းဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းရေးသားခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၂) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ နည်းပြများ၊ ဝန်ကြီးဌာနများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာ၌ မိမိတို့နိုင်ငံ၌ ပြည်သူအချို့သည် ဖေ့စ်ဘွတ်ပေါ်ရှိ သတင်းများအနက်မှ မည်သည်က သတင်းတု ဖြစ်သည်၊ သတင်းမှားဖြစ်သည်ကို မဝေခွဲနိုင်တော့ဘဲ ဖြတ်သန်းနေရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သတင်းမှန်များကို ပြည်သူလူထုထံ ရောက်ရှိအောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူများ သတင်းအမှန်သိရှိစေရန် ကြိုးစားဆောင်ရွက်ပေးနေပါကြောင်း။

သတင်းတစ်ပုဒ်၊ ဖြစ်စဉ်တစ်ခုကို ဖော်ပြရာတွင် တင်ဆက်သူ၏ အရည်အသွေးအပေါ် မူတည်၍ သတင်းတန်ဖိုး တက်သွားပါကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် ဝန်ကြီးဌာန အလိုက် ဆောင်ရွက်ချက်များကို ဖော်ပြရာတွင် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် မည်သို့ အလေးထားဆောင်ရွက်နေသည်ကို ရိုက်ကူးရေးသားတင်ဆက်တတ်ရန် လိုအပ်ပါကြောင်း၊ သင်တန်းနည်းပြများက စေတနာထက်သန်စွာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အမှန်တကယ် ပညာရရှိအောင် လေ့လာသင်ယူကြစေလိုပါကြောင်းနှင့် သင်တန်းမှ ပို့ချပေးလိုက်သည့် မီဒီယာပညာရပ်များကို ပြန်လည်မျှဝေကြစေလိုပါကြောင်း ပြောကြားသည်။

ယခု သင်တန်းအမှတ်စဉ်(၂) ကို ယနေ့မှ နိုဝင်ဘာ ၁၁ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ကင်မရာ၏ လုပ်ဆောင်ချက် (Function) များ၊ ရိုက်ကူးနည်းအဆင့်ဆင့်၊ သတင်းရိုက်ကူးနည်း၊ မှတ်တမ်း ဗီဒီယိုရိုက်ကူးနည်း၊ သတင်းများ တည်းဖြတ်ခြင်း၊ သတင်းရေးသားနည်း အခြေခံအချက်များ၊ အွန်လိုင်းသတင်းရေးသားခြင်း အခြေခံနည်းစနစ်များ၊ အွန်လိုင်းသတင်းရေးသားသူတို့ ဆောင်ရန် ရှောင်ရန်များကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနတို့မှ အမှုထမ်း၊ အရာထမ်းများ ၄၆ ဦး တက်ရောက်ကြသည်။

ယင်းသင်တန်းအမှတ်စဉ် (၁) ကို စက်တင်ဘာလတွင် ပထမအကြိမ် ဖွင့်လှစ်ခဲ့ပြီး ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်း ၄၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment