Friday, October 21, 2022

အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

 

ဘားအံ အောက်တိုဘာ ၂၁


ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား/သူများ တက်ရောက်လေ့လာသင်ယူခဲ့ပြီး ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများ သင်ကြားပို့ချပေးခဲ့သော အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခန့်က အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းကို ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(ဘားအံ)တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်သူဗဟိုပြု လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို လေ့ကျင့်သင်ကြားပေးခြင်း အားပေးကူညီခြင်းနှင့် စနစ်တကျ မှတ်ပုံတင်ခွင့်ပြုပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကာ ဒေသနှင့်ကိုက်ညီသည့် ယခုကဲ့သို့သော နည်းပညာပေးသင်တန်းများကို ဦးစားပေးဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ယနေ့သင်တန်းဆင်းခဲ့ကြသည့် သင်တန်းများသည် ဒေသခံပြည်သူများအတွက် မဖြစ်မနေ ထိတွေ့သုံးစွဲရသည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများဖြစ်သည့်အတွက် သင်တန်းသား/ သူများအတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း၊ သင်ကြားပေးခဲ့သည့် စာတွေ့၊ လက်တွေ့နည်းပညာများကိုအသုံးပြ၍ မိမိတို့၏ လက်တွေ့နယ်ပယ်အသီးသီးတွင် ပိုမိုကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်ကြိုးစားပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်ကာ မိသားစုအပိုဝင်ငွေရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးဦးစောခင်မောင်မြင့်တို့က သင်တန်းထူးချွန်ဆု၊ သင်တန်းဆင်းအောင်လက်မှတ်များနှင့် သင်တန်းထွက်ကုန်များကို ပေးအပ်ခဲ့ကြပြီး သင်တန်းဆင်းသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါနည်းပညာပေးသင်တန်းနှစ်မျိုးကို အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ ၅ ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းတွင် သင်တန်းသား/သူ ၂၀ ဦး၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းတွင် သင်တန်းသား/သူ ၂၀ ဦး တက်ရောက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြား၍ သင်တန်းသား၊ သင်တန်းသူများ ကိုယ်တိုင်ထုတ်လုပ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း

No comments:

Post a Comment