ရန်ကုန် အောက်တိုဘာ ၂၄
ယာဉ်သွားလာမှုနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်မှု များပြားလာသည့်အပြင် လမ်းဆုံမီးပွိုင့်များတွင် တောင်းရမ်းစားသောက်သူများကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ပိုမိုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးက ပြောကြားသည်။
ယနေ့ကျင်းပသည့်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်နှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်
ရန်ကုန်မြို့တော်ဝန်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး တောင်းရမ်းစားသောက်သူ
ကလေးသူငယ်များ မရှိစေရေး စည်းကမ်းထိန်းသိမ်း ဆောင်ရွက်ရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး
ပညာပေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ထို့ပြင်
မြို့တော်ဝန်က နေကြာစိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန်၊ လဂွန်းပြင်
ရေသန့်စင်စက်ရုံမှ တိုးချဲ့ပေးဝေနိုင်ပြီဖြစ်သဖြင့် မြို့နယ်၊ ရပ်ကွက်များသို့ ရေဆက်သွယ်ပေးမှုများနှင့်
စက်မှုဇုန်များသို့ ရေပေးဝေနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်၊ ရုံးအဆောက်အဦနှင့်
နေအိမ်ခြံဝင်းများ သန့်ရှင်းသာယာသပ်ရပ်ရေး မြို့တော်သတင်းစာနှင့် မြို့တော်အသံလွှင့်ဌာနမှ
အသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်ရန်၊ ယာဉ်ကြောပြမျဉ်း ဆေးဆွဲအမှတ်အသားများ၊
လမ်းညွှန်ဆိုင်းဘုတ်များ သစ်လွင်စေရေး ဆောင်ရွက်ရန် မှာကြားသည်။
အဆိုပါ
အစည်းအဝေးတွင် ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့
ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး မြို့တော်ဝန်က
လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့ပြင်
မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ
မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ
မြေဧရိယာဧက ၅၀ တွင် ဆောင်းသီးနှံ နေကြာစိုက်ပျိုးရန် မြေပြုပြင်နေမှုနှင့် တွံတေးမြို့နယ်
ရေတွင်းကုန်း-ခရမ်းဝ မြေသားလမ်းကို ကွန်ကရစ်ခင်းရန် မြေပြုပြင်နေမှုတို့ကို
ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment