Friday, October 28, 2022

ကယားပြည်နယ်အတွင်း လစ်လပ်လျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယ ၊ သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ်ဆရာတော် အစားထိုးရွေးချယ်ခြင်းနှင့် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်က နေ့ဆွမ်းဆက်ကပ်လှူဒါန်း




လွိုင်ကော်     အောက်တိုဘာ  ၂၈

ကယားပြည်နယ်အတွင်း လစ်လပ်လျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယ ၊ သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ်ဆရာတော် အစားထိုးရွေးချယ်ခြင်း၊ ပြည်နယ်သံဃနာယကအဖွဲ့အနားယူ အစားထိုးရွေးချယ်ခြင်းစသည့် အစည်းအဝေးများပြုလုပ်ခြင်းနှင့် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်တွင် လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးများတွင် သဘာပတိတင်မြှောက်ခြင်းများကို ဦးစွာဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးများကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခဲ့ကာ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော သံဃာတော်များစာရင်းအား ဖတ်ကြားလျှောက်ထားခြင်း၊ အစည်းအဝေးထမြောက်အောင်မြင်ကြောင်းကြေငြာခြင်း၊ သဘာပတိဆရာတော်များက အစည်းအဝေးအဖွင့် ဩဝါဒကထာမြွက်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီးနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးအောင်ဝင်းဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  ဆရာတော်ကြီးများက သဘာပတိဆရာတော်ကြီးများအဖြစ် ဦးဆောင်ကြပြီး ကယားပြည်နယ်အတွင်း လစ်လပ်လျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယဆရာတော်(၁)ပါး၊ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဆရာတော်(၁)ပါးနှင့် ပြည်နယ်သံဃနာယက အဖွဲ့ဆရာတော်(၃)ပါးတို့အား သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းများနှင့်အညီ ရွေးချယ်ဆောင်ရွက်ခဲ့ကြပြီး သဘာပတိဆရာတော်ကြီးများက နိဂုံးချုပ်ဩဝါဒစကား မြွက်ကြားကာ တက်ရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ပရိသတ်များက “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ”  သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးများကို ရုပ်သိမ်းခဲ့ကြသည်။

ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက ကယားပြည်နယ်သို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  ဆရာတော်ကြီးများနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရှိရသည်။

ကိုဇင်(လွိုင်ကော်)

No comments:

Post a Comment