Friday, October 21, 2022

မွန်ပြည်နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၂၀

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင်ပါရှိရေး၊ မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးခွင့်ရရှိရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဒေါ်နုမြဇံတို့သည် အောက်တိုဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင်လည်းကောင်း၊ အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အထိ မွန်ပြည်နယ် မော်လမြိုင်ခရိုင်အတွင်းရှိ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မော်လမြိုင် မြို့နယ်တို့တွင်လည်းကောင်း မြို့နယ်အသီးသီး၏ လျာထားမဲဆန္ဒရှင်စာရင်းများအား စိစစ်ခြင်း၊ လျာထားမဲရုံ တည်နေရာများအား စိစစ်အတည်ပြုခြင်းများအပြင် မြို့နယ်အသီးသီးတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများနှင့်စပ်လျဉ်း၍ စိစစ်တွက်ချက်အတည်ပြုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး လိုအပ်ချက် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမများတွင် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်များရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ တပ်နယ်မှူးများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာ အုပ်စုများရှိ ရပ်/ကျေး စာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment