Monday, October 24, 2022

ပူတာအိုခရိုင်၌ မဲစာရင်းမှန်ကန်ရေးစိစစ်ခြင်းနှင့် မဲရုံလျာထားသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းများ တွေ့ဆုံဆွေးနွေး

 

ပူတာအို အောက်တိုဘာ ၂၃


ကချင်ပြည်နယ် ပူတာအိုခရိုင်၌ လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် မဲစာရင်းမှန်ကန်ရေး စိစစ်ဆောင်ရွက်ခြင်းနှင့် မဲရုံလျာထားသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းများ တွေ့ဆုံဆွေးနွေးခြင်း ကို ယမန်နေ့နံနက် ၉ နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် ဦးဘရန်ရှောင်က လာမည့်ရွေးကောက်ပွဲအတွက် အကြိုပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မဲစာရင်းများမှန်ကန်စေရေးအတွက် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲအဆင့်ဆင့်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်ရှိသည့်ဌာနဆိုင်ရာများကလည်း မိမိ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မဲစာရင်းမှန်ကန်မှသာ မဲရုံလျာထား တွက်ချက်မှုမှန်ကန်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် ဦးသန်းအောင်ကျော်က ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်အလိုက် မဲစာရင်းများစိစစ်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မဲရုံတည်နေရာများ လျာထားသတ်မှတ်ခြင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက်များ ခန့်မှန်းတွက်ချက်ခြင်းတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ ဆောင်ရွက်ထားရှိမှုအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ဧပရယ်စိုးက ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်ငါးမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေးစိစစ်ခြင်း၊ မဲရုံများလျာထားသတ်မှတ်ခြင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက် လျာထားခြင်းဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးပြီး ခရိုင်/မြို့နယ်မှ ဌာနဆိုင်ရာများက ရွေးကောက်ပွဲဆိုင်ရာ အကြိုပြင်ဆင်မှုကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များနှင့် တာ၀န်ရှိသူများသည် မချမ်းဘော့မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ခန့်မှန်းမဲဆန္ဒရှင်စာရင်းကောက်ယူမှုများနှင့် မဲရုံလျာထားမှုကို ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး ပူတာအိုနှင့် မချမ်းဘော့မြို့နယ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် လျာထားသည့်မဲရုံများတွင်ပါဝင်သော မြို့ပေါ်ရပ်ကွက်များရှိမဲရုံများ၏ သက်ဆိုင်ရာလွှတ်တော်အသီးသီးနှင့် တိုင်းရင်းသားကိုယ်စားလှယ်များအတွက် ဆန္ဒမဲပေးနိုင်ရန် နမူနာခင်းကျင်းပြသထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment