Saturday, October 22, 2022

အသက်(၆)လမှ (၃)နှစ်အရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်သူများအတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းပွဲကျင်းပ

 


နေပြည်တော် အောက်တိုဘာ ၂၁

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် အသက်(၆)လမှ (၃)နှစ်အရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်သူများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က သင်တန်းတက်ရောက်ပြီးသူများအနေဖြင့် သက်ဆိုင်ရာဌာနများတွင် ကလေးပြုစုစောင့်ရှောက်ရေးဆိုင်ရာ Resource Person များအဖြစ် သင်ယူခဲ့ရသည့်ပို့ချချက်များအပေါ် လက်တွေ့အသုံးချသွားရန်နှင့် ဆက်လက်လေ့လာသွားရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနများရှိ ဝန်ထမ်းများ၏ သား/သမီးငယ်များကို စနစ်တကျပြုစု စောင့်ရှောက်မှုမှတစ်ဆင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးမှုရရှိစေသည့် လုပ်ငန်းစဉ်ဖြစ်သောကြောင့် နေ့ကလေးထိန်းဌာနများကို ဝန်ကြီးဌာနများတွင် တိုးချဲ့ဖွင့်လှစ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းသားများကို သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပေးပြီးသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ပြန်လည်ထူထောင် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးက ပြန်လည်ထူထောင်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များအရ လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မူဝါဒနှင့် လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း၊ ပေါင်းစပ်ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးစွဲလူနာများကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ နောက်ဆက်တွဲ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ စခန်းအခြေပြုပြန်လည် ထူထောင်ရေးလုပ်ငန်းနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးစွဲ ကုသရေးဌာနများနှင့်ပြန်လည်ထူထောင်ရေးစခန်းများ ချိတ်ဆက်၍ ဆေးဖြတ်ပြီးသူများကို ပြန်လည်ထူထောင်ပေးနိုင်ရေးဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဖြတ်ကုသမှုခံယူပြီးသူများကို စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းများနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းများဖွင့်လှစ်ပြီး သင်တန်းသားများလက်ခံခြင်း၊ သင်တန်းသားများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်းနှင့် ရပ်ရွာလူထု အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် နောက်ဆက်တွဲစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများအတွက် စံလုပ်ငန်းလမ်းညွှန် စာအုပ်ကိုရေးဆွဲလျက်ရှိပြီး အတည်ပြုချက်ရရှိပါက မူးယစ်ဆေးဖြတ်ပြီးသူများ စခန်းများတွင် အဆိုပါစာအုပ်ကို လက်တွေ့အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင် ရွက်ချက်များကိုတင်ပြပြီး အစည်းအဝေးတက်ရောက်သူများက လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment