Saturday, October 22, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဝန်ကြီးဌာနများမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာသင်ကြားခဲ့သော နိုင်ငံ့ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားတက်ရောက်

 

နေပြည်တော် အောက်တိုဘာ ၂၂

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ ဝန်ကြီးဌာနများမှ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ပညာသင်ကြားခဲ့သော နိုင်ငံ့ဝန်ထမ်းများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။


တွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်တာဝန်ခံများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာသင်ကြားခဲ့သော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်/ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကထိကများ၊ နည်းပြများက အွန်လိုင်းမှ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးကို ကဏ္ဍစုံမှ တိုးမြှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ မကြာသေးမီကာလက ရုရှားနိုင်ငံ၌ ပြုလုပ်ခဲ့သော (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်အတွင်း ဆွေးနွေးခဲ့သော နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကဏ္ဍ(၈)ခုတွင် ခရီးသွားလုပ်ငန်းကဏ္ဍမှာ (၁) ခုအပါအဝင်ဖြစ်ပါကြောင်း၊ ခရီးသွား လုပ်ငန်းမှာ လူသားများ ကူးလူးဆက်ဆံမှုရှိနေသမျှ ကာလပတ်လုံးရှိနေမည့်အပြင် နိုင်ငံအသီးသီး၌ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ ပူးတွဲအကောင်အထည်ဖော် လာကြသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အထူးအလေးထားပါကြောင်း၊ ထို့ပြင် နှစ်နိုင်ငံဆက်ဆံမှုကို မြှင့်တင်ရန်နှင့်ရုရှားခရီးသွားဧည့်သည်များ ဝင်ရောက်လာပါက အဆင်ပြေချောမွေ့စေရန်အတွက် ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ပညာသင်ကြားခဲ့သော ဝန်ကြီးဌာန အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ရန်လည်း လမ်းညွှန်ထားရှိပါကြောင်း။

ယနေ့တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် ရုရှားနိုင်ငံမှ ဧည့်သည်များကို လေ့လာရေးခရီးစဉ် ခေါ်ယူခြင်းဆိုင်ရာကိစ္စရပ်များနှင့် ရုရှားနိုင်ငံ၏ ခရီးသွားဈေးကွက်ကို မြှင့်တင်နိုင်ရေး ဆောင်ရွက်ရာတွင် မိမိတတ်နိုင်သည့် အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြမည်ဟု မျှော်လင့်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် ကျယ်ပြန့်သည့် သဘောသဘာဝ ရှိသည့်အတွက် အားလုံးဝိုင်းဝန်း ပါဝင်ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်သောကြောင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း တိုက်တွန်း ပြောကြားသည်။

ယင်းနောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် တက်ရောက် လာကြသူများက ရုရှားနိုင်ငံသားများ၏ အလေ့အထများ၊ ရုရှားနိုင်ငံသားများ မြန်မာနိုင်ငံ အကြောင်း ပိုမိုသိရှိပြီး လာရောက်လည်ပတ်ရေးအတွက် ဆောင်ရွက်သင့်သည်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ရုရှားဘာသာစကား ကျွမ်းကျင်မှုသင်တန်းများကို ပူးပေါင်းဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များတို့ကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များက သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးနှင့် ဆက်လက်ဆက်သွယ်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အကြံပြု တင်ပြခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အကြံပြုတင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment