Saturday, October 22, 2022

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် သံဃာတော်များနှင့် သီလရှင်များအတွက် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့်စေတီများသို့ သွားလာမှုလွယ်ကူချောမွေ့စေရေးလမ်းခင်းရန်အတွက် ဘိလပ်မြေအိတ်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားနှင့် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပုညရှင်သာသနာ့ဗိမာန်တော် တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

 


မုံရွာ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုး၊ မင်းကွန်းတောင်ရိုးရှိ သံဃာတော်များနှင့်သီလရှင်များအတွက် ဆွမ်းဆန်တော်များနှင့် မင်းကွန်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းများနှင့်စေတီများသို့ သွားလာမှုလွယ်ကူချောမွေ့စေရေးအတွက် ဘိလပ်မြေအိတ်များ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ သီတဂူဝိပဿနာအကယ်ဒမီအတွင်းရှိ သီတဂူသံဝေဇနီယ ဓမ္မဗိမာန်တော်ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏အဓိပတိ၊ ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၊ မင်းကွန်းတောင်ရိုး၊ မင်းကွန်းလေးဌာန သြဝါဒါစရိယ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ၊ ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာဓမ္မ ကထိကဗဟုဇနဟိတဓရ ဒေါက်တာအရှင်ဉာဏိဿရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် သီတဂူဆရာတော်ကြီးထံ စစ်ကိုင်းတာင်ရိုးရှိ သံဃာတော်များနှင့် သီလရှင် များအတွက် ဆွမ်းဆန်တော်အိတ် ၁၀၀၀ (တစ်ထောင်အိတ်)နှင့် မင်းဝံတောင်ရိုးရှိ သံဃာ တော်များနှင့် သီလရှင်များအတွက် ဆွမ်းဆန်တော် ၂၅၀ (နှစ်ရာငါးဆယ်)အိတ်တို့ကို တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြပြီး မင်းကွန်းလေးဌာန သြဝါဒါစရိယ ဆရာတော်ကြီးထံ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် လူမူရေးရာဝန်ကြီး ဦးအေးလိူင်တို့က မင်းကွန်းတောင်ရိုးရှိ သံဃာတော်များနှင့် သီလရှင်များ အတွက် ဆွမ်းဆန်တော် ၂၅၀ (နှစ်ရာငါးဆယ်)အိတ်အား ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ မင်းကွန်းလေးဌာန သြဝါဒါစရိယ ဆရာတော်ကြီးထံ တိုင်းဒေသကြီး လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က မင်းကွန်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စေတီများသို့ သွားလာမှုလွယ်ကူချောမွေ့စေရေးအတွက် ဘိလပ်မြေ ၁၃၉၄၂ အိတ်အား ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာအရှင်ဉာဏိဿရ ဆရာတော်ကြီးထံတော်မှ ရေစက် သွန်းချ အနုမောဒနာတရား နာယူကြည်ညှိပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ သီတဂူဆရာတော်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး အနောက်ဘက်ရင်ပြင်တော်ပေါ်တွင် တည်ဆောက် နေသည့် အလျား -၁၀၈ ပေ၊ အနံ - ၅၄ ပေ၊ အမြင့် - ၁၈ ပေ ပုညရှင် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ဆရာတော်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာတို့က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု နှင့် ဘေးဒဏ်အမျိုးမျိုးတို့၏ ဒဏ်ခံနိုင်ကာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျကြပ် မတ်စစ်ဆေးတည်ဆောက်နေမှု အခြေအနေ၊ သုံးစွဲကုန်ကျမှုနှင့် အလှူငွေရရှိမှုအခြေအနေများအား ရှင်းလင်းလျှောက်ထားသည်။

ယင်းနောက်ဆရာတော်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပုညရှင်သာသနာ့ဗိမာန် တော်ကြီး တည်ဆောက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။

အလားတူ အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ် သော (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး ဝါသနာရှင်(ဒုတိယတန်း)အဆင့် ကွပ်စိပ်ပြိုင်ပွဲတွင် ပထမဆုနှင့် ဇာတ်ညွှန်းဆု၊ ပံ့ပိုးဆိုင်း ဆုနှင့် အဆင့်မြင့်ပညာအဆင့် ခေတ်ဟောင်းကာလပေါ် (အမျိုးသား)ပြိုင်ပွဲတွင် ပထမဆု၊ ဝါသနာရှင် (ဒုတိယတန်း)မဟာဂီတ (အမျိုးသမီး)ပြိုင်ပွဲတွင် ပထမဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အရေးပြိုင်ပွဲ၊ ရုပ်စုံသဘင် အဖွဲ့လိုက် ပြိုင်ပွဲများနှင့် အတီးပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသော အနုပညာရှင်များထံ ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု ဆုများရရှိခဲ့ကြသော ပြိုင်ပွဲဝင်များထံ ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီး မြင့်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများရရှိခဲ့ကြ သော အနုပညာရှင်၊အတက်ပညာရှင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ပွဲစဉ်ပေါင်း ၆၄ ပွဲ၊ ပြိုင်ပွဲဝင်အင်အား ၁၂၉ ဦး ဝင်ရောက် ယဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်ဆု ၈ ဆု၊ ငွေတံဆိပ်ဆု ၁၀ ဆု၊ ကြေးတံဆိပ်ဆု ၁၁ ဆု နှစ်သိမ့်ဆု ၇ ဆု စုစုပေါင်း ၃၆ ဆုရရှိခဲ့ကာ နိုင်ငံတော်အဆင့်ပြိုင်ပွဲတွင် ဆဌမ နေရာရရှိခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ရောက်ရှိရာ သင်ကြားရေး အထောက် အကူပြု စာအုပ်များအား လိုက်လံကြည့်ရှုအားပေးပြီး အစည်းအဝေးခန်းတွင် ပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက တက္ကသိုလ်၏ လုပ်ငန်းဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ စာသင်ဆောင် သုံးထပ် အဆောက်အဦသစ် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

             

 တိုင်းဒေသကြီး၊ ပြန်/ဆက်

No comments:

Post a Comment