Thursday, October 27, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 


နေပြည်တော် အောက်တိုဘာ ၂၇

နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် အဓိကမောင်းနှင်အားတစ်ခု ဖြစ်သည်နှင့်အညီ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည်လည်း ယင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ နေပြည်တော်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်များအား တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ စီးပွားရေးကို ပြန်လည်ဦးမော့လာနိုင်စေရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်စေလိုပါကြောင်း၊  နေပြည်တော်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ဒေသထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုနိုင်ရန်အတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ခြင်းဖြင့် ဆင့်ပွားအကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် မီးခိုးမထွက်သည့် စက်ရုံဖြစ်ပြီး ယခုအခါ နည်းပညာများဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်၍ စားသောက် ကုန်များ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများအား ဒေသထွက်ကုန်ပစ္စည်းများဖြင့် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားတွင်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရိုးရာအစားအစာများ၊ ဒေသထွက်အစားအစာများနှင့် ထုတ်ကုန်များအား ပြသခဲ့ပါကြောင်း၊ အဆိုပါ ဒေသထွက်အစားအစာများ၊ ထုတ်ကုန်များအား ပိုမိုကောင်းမွန်ပြီး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလိုပါကြောင်း။

နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များမှ လက်ရှိ ဆောင်ရွက်နေသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအား ပိုမိုစနစ်ကျပြီး တိုးတက်ကောင်းမွန်လာစေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ နေပြည်တော်သည် နိုင်ငံ၏မြို့တော်ဖြစ်သည်နှင့်အညီ ပြပွဲများ၊ အစည်းအဝေးများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများ ကျင်းပရာ နေရာဖြစ်သည့်အတွက် မြို့တော်အင်္ဂါရပ်နှင့်အညီ ဟိုတယ်၏ ဥပစာများနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေးတို့ အတွက် ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိပါက ဝိုင်းဝန်းကူညီပံ့ပိုး ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များက မိမိတို့ဆောင်ရွက်နေကြသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment