Friday, July 8, 2022

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ တက်ရောက်

 

ရန်ကုန် ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ခန်းမ၌ ကျင်းပသည်။

 


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ယနေ့ကျင်းပသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲမှ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးများအချင်းချင်း ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာ သမိုင်းကြောင်းများကို အပြန်အလှန် သိရှိနားလည်ပြီး ယခင်ကထက်ပိုမိုသည့် အပြန်အလှန် လေးစားမှု၊ ချစ်ကြည်စည်းလုံးမှုများရရှိလာမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ ထို့ကြောင့် အဓိပ္ပာယ်များပြည့်ဝနေသည့် ယခုလိုနှီးနှောဖလှယ်ပွဲများကို အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှာပါ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်စည်ပင်သာယာဝပြောရေး၊ ဒီမိုကရေစီနှင့် ဖဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး ပေါ်ထွန်းလာစေရေးတို့အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။

ယင်းနောက် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသည့်  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ထောက်ပံ့ငွေများ ပေးအပ်သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိ တိုင်းရင်းသားလူငယ်များ နည်းပညာဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်ဖွင့်လှစ်မည့် ကွန်ပျူတာသင်တန်းများ၌ အသုံးပြုနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နည်းပညာအကြံပေး IT ပညာရှင် ဦးလင်းဦးက DELL Laptop အလုံး (၂၀)ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးထံ ပေးအပ်ပြီး တိုင်းရင်းသားရေးရာဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ ယဉ်ကျေးမှုအကအဖွဲ့များနှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအကအဖွဲ့တို့က တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေကြသည်။ 

ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကိုကျင်းပရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းရင်းသားရိုးရာနှီးနှောဖလှယ်ပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးစိုင်းကျော်ထူးက ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများအကြောင်းကို လည်းကောင်း၊ ကိုးကန့်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးအောင်အောင်က ကိုးကန့်တိုင်းရင်းသားလူမျိုးတို့၏ သမိုင်းအကျဉ်းနှင့်ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို လည်းကောင်း၊ ဥ(ပ်)ပူး(ချင်း)စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဦးလှမောင်က ဥ(ပ်)ပူး(ချင်း) တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ကိုးကန့်တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့နှင့် ရှမ်းယဉ်ကျေးမှုအကအဖွဲ့တို့က ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဆွေးနွေးပွဲတွင် နှီးနှောဖလှယ်ခဲ့ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment