Monday, July 11, 2022

ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

 



နေပြည်တော် ဇူလိုင် ၁၀

ဖြစ်ပေါ်ပြောင်းလဲနေသော ရာသီဥတုနှင့် လိုက်လျောညီထွေစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံများ ပြောင်းလဲချမှတ် နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်လိုကြောင်း ဇူလိုင် ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်း (လေးထောင့်ကန်)အား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်။

ကြည့်ရှုစစ်ဆေး

ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း (လေးထောင့် ကန်)တွင် ဆောင်ရွက်လျက်ရှိသည့် မနောသုခ မျိုးကောင်းမျိုးသန့် မျိုးပွားထုတ်လုပ်နေမှုကို ကြည့်ရှု စစ်ဆေးပြီး ဒုတိယဝန်ကြီးက သီးနှံအလိုက် မျိုးသန့် မျိုးပွားထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းကူညီပေးရန်၊ တောင်သူလယ်သမားများအတွက် အကျိုးအမြတ်ရရှိစေမည့် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံများကို စနစ်တကျ ရေးဆွဲချမှတ်ပြီး တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်လာစေရေး ပညာပေးဆောင်ရွက်ကြရန်လိုအပ် ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လေးထောင့်ကန် ငါးလုပ်ငန်းစခန်း၏ တီလားပီးယား ငါးသားဖောက် ထုတ်လုပ်နေမှု၊ တိုင်းရင်းငါးခူ ဆေးထိုးသားဖောက် နေမှု၊ တိုင်းရင်းငါး-ငါးဖန်းမ ဆေးထိုးသားဖောက် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသနှင့် ကိုက်ညီသည့် ပြည်တွင်း ပြည်ပငါးမျိုးသစ်များ စမ်းသပ် သားဖောက်ထုတ်လုပ်ကြရန် လိုအပ်ချက်များ၊ ရှားပါးလာသည့် တိုင်းရင်းငါးမျိုးစိတ်များကို ဖော်ထုတ်၍ သုတေသနပြုသားဖောက်ရန် လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးကြင်းဖြူ၊ ရွှေဝါငါးကြင်းများ မွေးမြူ ထားမှုကိုလည်းကောင်း၊ ငါးဆေးထိုးသားဖောက် မွေးမြူထားမှုကိုလည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးသည်။

အလားတူ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန နှင့် RICH FARM Co.,Ltd တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် ရွာသာကြီး အအေးခန်းစက်ရုံသို့ ရောက်ရှိကြပြီး ရေထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ် အေးခဲ၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားကာ ဘဲသားပေါက်ခြံနှင့် အသားတိုးဘဲခြံတို့ကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စစ်ပင်တောင်ကျေးရွာ အနီးရှိ ငမိုးရိပ်ရေထိန်းတံခါးသို့ ရောက်ရှိကြပြီး ရေထိန်းတံခါး ရေဝင်မြောင်း နုန်းဆယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရေချိုထိန်းရေတံခါး Slide Gate တပ်ဆင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment