Sunday, July 10, 2022

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ကျင်းပ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ

 


နေပြည်တော် ဇူလိုင်

အမျိုးသားအဆင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကော်မတီ၏ (/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဦးစွာကော်မတီပူးတွဲဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် သဘောတူစာချုပ်ပါ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အကောင်အထည်ဖော်ရမည့် သဘောတူစာချုပ်ပါ Measures များကို သတ်မှတ်ချိန်အတွင်း ပြီးပြတ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ရာ အခက်အခဲများရှိပါက သက်တမ်းတိုးမြှင့်ခွင့်ရရှိရေး ကိစ္စများကို ကြိုတင်ဆောင်ရွက် သွားရန်လိုကြောင်း၊ သို့ဖြစ်၍ ဆက်စပ်ဆောင်ရွက်ရမည့် ကုန်သွယ်ရေးဦးစီးဌာန အကောက်ခွန်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့အနေဖြင့် သဘောတူစာချုပ်ပါ Measures များကို သတ်မှတ်ချိန်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးညွန့်အောင်က ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ဆောင်ရွက်ကြရာ၌ ဆက်စပ်ပါဝင်သည့် ဌာနများအနေဖြင့် Myanmar Automated Cargo Clearance System (MACCS), Trade Net 2.0 များဖြင့် ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင်လည်း National Single Window လုပ်ငန်းစနစ်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယခုအခါ Technical Assistance and Capacity Building (TACB) Requirement Notification ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ နောက်ဆက်တွဲအနေဖြင့် TACB Arrangement and Progress Notification ကို ဆက်လက် ပေးပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အချိန်မီပေးပို့နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့ လေးဖွဲ့မှ အဖွဲ့ခေါင်းဆောင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြကြပြီး ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေး၍ ကော်မတီဝင်များ၏ ဆွေးနွေးမှုများအပေါ် ကော်မတီဥက္ကဋ္ဌနှင့် ပူးတွဲဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြကာ ကော်မတီပူးတွဲဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အမျိုးသားအဆင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ကော်မတီကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတို့က ပူးတွဲဦးဆောင်ကာ ကော်မတီ၏အောက်တွင် ဆက်သွယ်ဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာ ရှိမှုဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၊ ပြတင်းတစ်ပေါက် စနစ်ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၊ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့နှင့် စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ဟူ၍ လုပ်ငန်းအဖွဲ့ လေးခုဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာအကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment