နေပြည်တော် ဇူလိုင် ၉
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၆ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာချီလိတ်မြို့နယ် မယ်ယန်းပူးပေါင်းစစ်ဆေး ရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့မှ တာချီလိတ်မြို့သို့သွားရောက်မည့် ယာဉ်တစ်စီး၌ ယာဉ်၏အတွင်းပိုင်းတွင် ဒေသထွက် စားသောက်ကုန်များနှင့်အတူ ရောနှောတင်ဆောင်လာသည့် တရားမဝင်ကျွန်းခွဲသားနှင့် ကျွန်းပါကေး ၁ ဒသမ ၉၁၅ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၆၃၉၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသော ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၂၆၃၉၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သိမ်းဆည်းရမိ
အလားတူ ဇူလိုင် ၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID နှင့် ကိုက်ညီမှုမရှိသော ဖြည့်စွက်ဆေးဝါးများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၉၄၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID နှင့် ကိုက်ညီမှုမရှိသော ဓာတုပစ္စည်းဖြစ်သည့် Triisoctylamine (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၁၈၄၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇူလိုင် ၇ ရက်တွင် သွင်းကုန်ကြေညာလွှာ ID နှင့် ကိုက်ညီမှုမရှိသော လူသုံးကုန်ပစ္စည်းများ၊ Servo Button Machine နှင့် Cutter Machine (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅၇၀၅၅၀၀)ကို လည်းကောင်း၊ ဇူလိုင် ၈ ရက်တွင် သွင်းကုန်ကြေညာလွှာ ID နှင့် ကိုက်ညီမှုမရှိသော Cutting Machine နှင့် အဝတ်အထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၉၇၉၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၆၈၄၅၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အရေးယူဆောင်ရွက်
ထပ်မံ၍ ဇူလိုင် ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ စခန်းတာဝန်ခံ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဝင်များက ရှောင်တခင် ကင်းလှည့်စစ်ဆေး ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မြဝတီ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၉၄ မိုင် ၁ ဖာလုံ ခြံကြီးကျောင်းကွေ့ ရှောင်ကွင်းလမ်းထိပ်လမ်းဘေးတွင် ပိုင်ရှင်မဲ့စုပုံထားသော တင်သွင်းရန် တားမြစ်ကန့်သတ်ထားသည့် Tiger နှင့် Corona Extra အမျိုးအစား ဘီယာများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၅၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သာယာဝတီခရိုင်ရှိ မြောက်ဇာမရီကြိုးဝိုင်းနှင့် တောင်ငူခရိုင်ရှိ ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ်နှင့် ပျဉ်းကတိုးသစ် ၁၆ ဒသမ ၉၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၇၇၀၂၄)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ဇူလိုင် ၉ ရက်တွင် မန္တလေး တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လက်ပံလှ-စဉ့်ကူး ယာယီစစ်ဆေးရေးဂိတ်၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဗန်းမော်မှ လက်ပံလှဂိတ်သို့ ဝင်ရောက်လာသည့် ၁၂ ဘီးကုန်တင်ယာဉ် တစ်စီးပေါ်၌ တညင်းသီးအိတ်များနှင့်အတူ ရောနှောသယ်ဆောင်လာသော တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မိုဘိုင်းလ်ဖုန်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇၈၄၀၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသော ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၈၄၀၀၀၀ ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၆ ရက်၊ ၇ ရက်၊ ၈ ရက် နှင့် ၉ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၇၄၃၇၂၆၄) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
No comments:
Post a Comment