Saturday, July 9, 2022

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပညာရည်ထူးချွန်ဆု၊ သင်တန်းထူးချွန်ဆု၊ အားကစားထူးချွန်ဆုများ ချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ

 


နေပြည်တော် ဇူလိုင် ၉

၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ပညာရည်ထူးချွန်ဆု ချီးမြှင့်ခြင်း၊ သင်တန်းထူးချွန်ဆု၊ အားကစားထူးချွန်ဆုများ ချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရာတွင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အသိပညာဗဟုသုတ မြင့်မားပြီး၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးကြီးကြောင်း၊ နည်းပညာသစ်များဖြင့် စိန်ခေါ်မှု၊ ပြိုင်ဆိုင်မှုများပြားသည့် ယနေ့ကမ္ဘာကြီးတွင် သားငယ်၊ သမီးငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချ၍ အစဉ်ကြိုးစား သင်ယူသွားကြရန် တိုက်တွန်းလိုကြောင်း၊ သင်တန်းထူးချွန်နှင့် အားကစားထူးချွန်ဆုရရှိကြသူများ အနေဖြင့်လည်း ရရှိပြီးဖြစ်သည့်ဂုဏ်ကို ဆက်လက်ထိန်းသိမ်းပြီး ယခုထက် ပိုမိုကြိုးစား ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၊ ဝန်ကြီးဌာနနှင့် မိမိတို့၏ဂုဏ်ကို မြှင့်တင်နိုင်ကြသူများ၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို တုံ့ပြန်ပေးဆပ်နိုင်ကြသူများ ဖြစ်နိုင်ကြစေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက (၆)ဘာသာဂုဏ်ထူးရရှိသူ (၁၉)ဦးကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းတို့က (၅)ဘာသာဂုဏ်ထူးရရှိသူ (၁၉)ဦးကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက (၄)ဘာသာဂုဏ်ထူးရရှိသူ (၃၆)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၄၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၇၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၁၆၈)ဦး၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်သင်တန်းများတွင် ထူးချွန်ဆုရရှိသူ (၁၂)ဦး၊ ဝန်ကြီးဌာနအဆင့် ထူးချွန်ဆုရရှိသူ (၇)ဦးနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ဝန်ကြီးဌာနကိုယ်စားပြု ဘောလုံးအသင်း၊ အမျိုးသမီးလွန်ဆွဲအသင်း၊ ပြေးခုန်ပစ် အားကစားသမားများကို ဆုများပေးအပ်ချီးမြှင့်ကြပြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသော ဝန်ထမ်းသားသမီးများသို့ ပညာသင်ထောက်ပံ့ကြေးများကို ချီးမြှင့်ပေးအပ်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆုရကျောင်းသား ကျောင်းသူများ၊ သင်တန်းထူးချွန်ဆုရရှိသူများနှင့် အားကစားထူးချွန်ဆု ရရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး၊ ပြည်ထောင်စုဝန်ကြီးက ရင်သွေးငယ်များကို ထူးချွန်အောင် ပြုစုပျိုးထောင်ပေးခဲ့ကြသည့် မိဘဝန်ထမ်းများနှင့် ကြိုးစားဖြေဆို အောင်မြင်ခဲ့ကြသည် ထူးချွန်သူ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment