ရန်ကုန် ဇူလိုင် ၈
၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေ တစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အမှာစကားပြောကြား
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဆရာကြီးဦးအုံးဖေလှူဒါန်းခဲ့သည့် စာပေရန်ပုံငွေပမာဏသည် ယင်းခေတ်ယင်းအချိန်က နိုင်ငံတော်မှာမကြုံစဖူး စံပြုလောက်ပြီး စာပေကဏ္ဍအတွက် တန်ဖိုးမဖြတ်နိုင်သည့် အကျိုးသက်ရောက်မှုများ ရရှိစေပါကြောင်း၊ မြန်မာစာပေမြင့်မားတိုးတက်ရေးနှင့် ကြွယ်ဝဖွံ့ဖြိုးရေးတွင် ထိရောက်သည့် အထောက်အကူတစ်ရပ်လည်း ဖြစ်ပါကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရေးနှင့် စာအုပ်စာပေ ပိုမိုဖွံ့ဖြိုး ထွန်းကားလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်ထားပါကြောင်း၊ စာအုပ်စာပေလူ့မိတ်ဆွေ ဆိုသည့်စကားအတိုင်း လူငယ်များ ဘဝတိုးတက်ရေးနှင့် အတွေးအခေါ် အယူအဆမှန်ကန် ရေးကိုအားပေးသည့် စာအုပ်စာပေကောင်းများ၊ ပြည်သူတို့၏ အသိအမြင်မှန်ကန်ရေးနှင့် အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူဖြစ်စေမည့် စာအုပ်စာပေများ၊ အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရေးအတွက် ခေတ်ကာလ အခြေအနေနှင့် လိုက်လျောညီထွေသည့် တိုင်းကျိုးပြည်ပြုစာပေများကို ဆက်လက်ရေးသားပေးကြပါဟု စာပေပညာရှင်များကို မေတ္တာရပ်ခံအပ်ပါကြောင်း၊ ပြည်သူများအတွေးအခေါ် အယူအဆမှန်ကန်စေရေး စာပေလေ့လာဖတ်ရှုစေရေးအတွက် စာပေပညာရှင်ကြီးများက ဝိုင်းဝန်းဖော်ဆောင်ပေးကြစေလိုပါကြောင်း။
ကြိုးစားဆောင်ရွက်နေ
နိုင်ငံတော်ကလည်း ယနေ့အနာဂတ်လူငယ်များကို ပြုပြင်ဆောင်ရွက်ရန်အတွက် Short term, Long term အစီအစဉ်များနှင့် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ယခုလောလောဆယ် လူငယ်လူရွယ်များ၏ စာရိတ္တကောင်းမွန်စေရေးနှင့် စိတ်နေသဘောထား မှန်ကန်ကောင်းမွန်စေရေးအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ဗုဒ္ဓဘာသာဝင်များ၏ အခြေခံ ၃၈ ဖြာမင်္ဂလာကို ရိုက်ကူးထုတ်လွှင့်ပြသနေပါကြောင်း၊ နိုင်ငံတော်အဆင့် “ဆို၊ က၊ ရေး၊ တီး” ပြိုင်ပွဲကြီးကိုလည်း လာမည့် အောက်တိုဘာလတွင် ကျင်းပရန် စီစဉ်လျက်ရှိပါကြောင်း။
ထို့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မြန်မာ့ယဉ်ကျေးမှုနှင့်ဆီလျော်သည့် နိုင်ငံတကာအဆင့်မီ စာဆိုဗိမာန်အဆောက်အအုံကို ရန်ကုန်မြို့၌ တည်ဆောက်သွားမည်ဖြစ်သကဲ့သို့ ရန်ကုန်နှင့်မန္တလေးတွင်လည်း အနုပညာဗဟိုဌာန (Art Centre) များကိုလည်း တည်ဆောက်လျက်ရှိပါကြောင်း။
ယနေ့ ဆုချီးမြှင့်ခံရသည့် စာပေပညာရှင်များက အမျိုးဘာသာ၊ သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သည့်၊ နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ဖော်ပြနိုင်သည့် စာကောင်းပေမွန်များကို ဆက်လက် ရေးသားဖွဲ့ဆိုနိုင်ကြပါစေ၊ မျိုးဆက်သစ်ကလောင်ရှင်များကိုလည်း စေတနာကောင်းဖြင့် လက်ဆင့်ကမ်းနိုင်ကြပါစေ၊ ပညာရည်ချွန်ဆုရသည့် ကျောင်းသားကျောင်းသူများကလည်း ပညာရည်ချွန်ဆုရသည့် ယနေ့မှစ၍ နောက်နောင်ပညာရေးဘဝပိုမို မြင့်မားအောင်၊ မိမိအတွက် သာမက ပတ်ဝန်းကျင်၊ တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက်ပါ သယ်ပိုးထမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပါစေ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးစေရေး တစ်ထောင့်တစ်နေရာမှ ကူညီပံ့ပိုးနေသည့် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုကြီးသည်လည်း နောင်နှစ်ပေါင်း များစွာတိုင်အောင် အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံစာရေး ဆရာအသင်းဥက္ကဋ္ဌ၊ ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က ဆုချီးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆုပေးအပ်ချီးမြှင့်
ယင်းနောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ပခုက္ကူစာပေတစ်သက်တာစာပေဆုရ ဒေါက်တာမျိုးသန့်တင်နှင့် ဦးညွန့်ဆွေ (မောင်ဆွေသက်)တို့အား ဆုပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဝတ္ထုရှည် ပထမဆုရတင်တော်၊ ဒုတိယဆုရ မျှဝေ(ဥက္ကံ) နှင့် တတိယဆုရ မေသနပ်ခါး (ကိုယ်စား) မိသားစုဝင် တစ်ဦးတို့အားလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ဝတ္ထုတိုပေါင်းချုပ် ပထမဆုရရွှေညောင်မြေ မောင်စန်းမြင့်(ကိုယ်စား) မိသားစုဝင်တစ်ဦး၊ ဒုတိယဆုရ စံဝင်းအောင်(မြန်အောင်)နှင့် တတိယ ဆုရထက်ဝေအောင်(စစ်ကိုင်း)တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က သုတေသနစာပေပထမဆုရဆွေဇင်ညွန့် (ACPE)၊ ဒုတိယဆုရဘိုးရာဇာ (စိုက်ပျိုးရေး)၊ တတိယဆုရ တောင်တွင်း ကျော်ဝင်း (စက်မှုအင်ဂျင်နီယာ)(ကိုယ်စား) ညီဖြစ်သူနှင့် ကျမ်းစာပေဒုတိယဆုရ မောင်အောင်တို့အားလည်းကောင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင် နိုင်မိုး) က ကဗျာပေါင်းချုပ် ပထမဆုရကိုလေးပြည့်၊ ဒုတိယဆုရ သမီးပျိုနှင့် တတိယဆုရ ကြည်သိန်းဇော် (ကိုယ်စား)မိသားစုဝင် တစ်ဦးတို့အားလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆုများပေးအပ်ချီးမြှင့်
ယင်းနောက် ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)ဦးသိန်းခိုင်ဦးက ပခုက္ကူစာကြည့်တိုက်စာအုပ်ဆု ရရှိကြသူများဖြစ်ကြသည့် ကြည်ထွန်းမော်နှင့် ဒေါက်တာညိုအောင်တို့အား လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ် ဒေါ်ဌေးဌေးဆွေက ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုရ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ဒုတိယနှစ် (သဘင်ပညာအထူးပြု) ကျောင်းသူမသဇင်ထက်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ဒုတိယနှစ် (ပန်းချီပညာအထူးပြု) ကျောင်းသား မောင်ထင်ရှားအောင် တို့အားလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် စာပေအလှူရှင် ပခုက္ကူဦးအုံးဖေ ကိုယ်စား ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)ဦးသိန်းခိုင်ဦးက စာပေဆုချီးမြှင့်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဆုရရှိကြသူများ ကိုယ်စား ပခုက္ကူစာပေ တစ်သက်တာဆုရ ဦးညွန့်ဆွေ (မောင်ဆွေသက်) က ကျေးဇူးတင်စကား ပြောကြားသည်။
ယနေ့ဆုချီးမြှင့်ပွဲတွင် ဆုရရှိကြသူ ၁၉ဦးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ချီးမြှင့်သော တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၁၉ သိန်းကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ၂၀၂၀ ပြည့်နှစ် ပခုက္ကူစာပေ တစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပညာရည်ချွန်စာပေဆုနှင့် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆု ရရှိသူများ၏ ဓာတ်ပုံများကို ကြည့်ရှုသည်။
ယနေ့ ဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆုနှစ်ဆု၊ ၂၀၂၀ ပြည့်နှစ်အတွက် တင်သွင်းလာသော စာမူပေါင်း ၄၇ စောင်ကို စာမူဆု စည်းကမ်းများနှင့်အညီ ဖတ်ရှုစိစစ်ခဲ့ပြီး ဝတ္ထုရှည်ဆု၊ ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ ကျမ်းစာပေ၊သုတေသန စာပေတို့မှ ဆုပေါင်း ၁၃ဆုနှင့် ပခုက္ကူဦးအုံးဖေစာကြည့်တိုက် စာအုပ်ဆုနှစ်ဆုနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များမှ ပညာသင်ဆု နှစ်ဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စာဆိုဗိမာန် တည်ဆောက်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စာဆိုဗိမာန်တည်ဆောက်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်၍ စာဆိုဗိမာန်ကိုအကောင်းဆုံးနှင့် အဆင့်မီတည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ စာဆိုဗိမာန်၏ ဝေါဟာရနှင့် ထားသိုမှုပုံစံများ အကြမ်းဖျင်း လျာထားဆွေးနွေးပေးကြစေလိုပါကြောင်း၊ နိုင်ငံတကာပုံစံများကို ကိုးကားနမူနာယူ၍ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဟန်များပါဝင်သော အဆောက်အအုံဖြစ်စေလိုပါကြောင်း၊ ပုံစံပေါ်လာပါက စတင်အကောင်အထည်ဖော်ပြီးနောက် အတွင်းပိုင်းအသေးစိတ် လိုအပ်မှုကို အချိန်ယူဆောင်ရွက်သွားရမည်ဟု ယူဆပါကြောင်း၊ တက်ရောက်လာသော စာပေပညာရှင်များက စာဆိုဗိမာန်အဆောက်အအုံကို ပုံဖော်နိုင်မည့်ပုံစံနှင့် ပတ်သက်၍ ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စာဆိုဗိမာန် တည်ဆောက်မည့် မြေနေရာနှင့် အကျယ်အဝန်း၊ အဆောက်အအုံ ပုံစံအကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသော စာပေပညာရှင်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စာဆိုဗိမာန် တည်ဆောက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment