Thursday, July 7, 2022

ဧရာဝတီ-ဟင်္သာတတာ မြစ်ရေတိုက်စားမှု အခြေအနေများနှင့် ရထားပြေးဆွဲမှု အခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

 




ပုသိမ် ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ  ဧရာဝတီ-ဟင်္သာတတာ တာတိုင် ၄/၆ တွင်

ဧရာဝတီမြစ်၏ မြစ်ကမ်းပါးသို့ ဦးတည်တိုက်စားမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးပြုမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့မှ ဧရာဝတီမြစ် ဟင်္သာတမြစ်ကြောင်းအခြေအနေများ၊ တာငုတ်-ဖောင်ဆိပ် ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက် အရေးပေါ် ကာကွယ်ရေးလုပ်ငန်းများအဖြစ် Floating unit အလျားပေ ၂၀၀၀ ပေဆောင်ရွက်မည့် အခြေအနေများ၊ ဧရာဝတီမြစ်ရေ ရေတိုက်စားမှုကြောင့် ဖောင်ဆိပ်ဖြတ်တာအနီး ကမ်းပြိုမှုအခြေအနေနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဧရာဝတီ-ဟင်္သာတတာတိုင် ၃/၀ ရှိ ရေကင်းစခန်းအမှတ်(၈) အိပ်ပျက်တာနယ်နှင့် ဟင်္သာတကမ်းနားတာ ဦးပါရဲရေကင်းစခန်းများရှိ မိုးရာသီရေဘေးကာကွယ်ရေး တာတမံကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများအား တာတမံလုပ်သားများဖြင့် ဆောင်ရွက်နေမှုအခြေအနေများ၊ အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေများနှင့် ရေမှတ်တိုင်နှင့်ရေမှတ် မှတ်တမ်းရေးသွင်းထားမှုအား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မြစ်ရေမြင့်တက်လာပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိပါက ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အစီအစဉ်အရလွှင့်ထူရမည့် သတိပေးအချက်ပြအလံ အစိမ်းရောင်၊  အဝါရောင်နှင့် အနီရောင်လွှင့်ထူဆောင်ရွက်ရမည့် အခြေအနေများ သိရှိနားလည်ထားကြရန်၊ သဘာဝဘေးအန္တရာယ်များကို အချိန်မီကြိုတင်ကာကွယ်နိုင်ရန်အတွက် တာတမံများ တာဝန်ချထားသည့် ရေကင်းအဖွဲ့များ၊ ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက ရေဘေးကာကွယ်ရေး နည်းလမ်းများအတိုင်း ဂရုတစိုက်စောင့်ကြည့်ကြရန်၊ မြစ်ရေမှတ်တမ်းရေးသွင်းခြင်းများကို စနစ်တကျ ရေးသွင်းဆောင်ရွက်ရန်နှင့် ထူးခြားမှုရှိပါက သတင်းပေးပို့ခြင်းလုပ်ငန်းများကို မြန်ဆန်မှန်ကန်စွာတက်ညီလက်ညီပူး ပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတဘူတာသို့သွားရောက်၍ ဘူတာရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရီးသွားပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ သွားလာမှုအခြေအနေများမေးမြန်းခဲ့ပြီး ဘူတာရုံးခန်းတွင် မြန်မာ့မီးရထားလုပ်ငန်း  တိုင်းတာဝန်ခံမှ ခရီးစဉ်ပြေးဆွဲမှု၊ ခရီးသည်များစီးနင်းလိုက်ပါမှု၊ ကုန်စည်တင်ဆောင်မှုများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးမှ ခရီးသွားပြည်သူများအဆင်ပြေစွာ သွားလာနိုင်ရေး၊ ကုန်စည်တင်ဆောင်မှုများ ပိုမိုဆောင်ရွက်နိုင်စေရေး၊ ဘူတာရုံသန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိရန် လမ်းညွှန် မှာကြားခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

No comments:

Post a Comment