Sunday, July 10, 2022

ကျန်းမာရေးအသိ၊ သတိဖြင့် ကူးစက်ရောဂါအန္တရာယ် ကာကွယ်နေထိုင်

 


ကိုဗစ်-၁၉ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ပုံမှန်ဆက်လက် ဆောင်ရွက်လျက်ရှိရာတွင် ရောဂါပိုး နေ့စဉ်တွေ့ရှိမှုရာခိုင်နှုန်းမှာ ၁ ရာခိုင်နှုန်း၏အောက်တွင် ရောက်ရှိနေသည်မှာ လနှင့်ချီနေပြီဖြစ်သည်။ သို့ရာတွင် ၁ ရာခိုင်နှုန်း၏အောက်တွင် အနည်းငယ်မျှ တက်လိုက် ကျလိုက်နှင့် ဖြစ်နေခြင်းကို တွေ့နေရသည့်အတွက် ကူးစက်မှုရှိနေသေးသည်ကို တွေ့မြင်နေရခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ပိုမိုလွှမ်းခြုံလာနိုင်သည်နှင့်အမျှ ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းလာခြင်း ဖြစ်သော်လည်း ပြည်တွင်းပြည်ပ ကူးသန်းသွားလာမှုများ ပြန်လည်ပြုလုပ်လာခြင်း၊ ကိုဗစ်-၁၉ တားဆီးကာကွယ် ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ခဲ့သည့် အကန့်အသတ်များနှင့် စည်းမျဉ်း စည်းကမ်းများ ဖြေလျှော့ပေးလာခြင်း စသည်တို့ကြောင့်အပြင် ကိုဗစ်-၁၉ ရောဂါပိုး၏ ဗီဇပြောင်းလဲတတ်သည့် သဘောသဘာဝကြောင့်လည်း အချိန်မရွေး ပြန်လည်ခေါင်းထောင် လာနိုင်သည်ဟု သတိပြုကြရန် လိုအပ်သည်။

မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေ လျော့နည်းကျဆင်းလာမှုအရ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့်စပ်လျဉ်း၍ မဖြစ်မနေတပ်ဆင်ရန် လိုအပ်သည့် အခြေအနေ အချို့မှလွဲ၍ ဖြေလျှော့ပေးထားပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံအချို့တွင်မူ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်မျိုးကွဲများကြောင့် ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက် လာခြင်းနှင့်အတူ အချို့သောဖြေလျှော့မှုများကို ပြန်လည်ရုပ်သိမ်းကာ ရောဂါကာကွယ်ရေး အကန့်အသတ် အတားအဆီးအချို့ ပြန်လည်ချမှတ် ဆောင်ရွက်လာကြရသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများသည် အခြားသော ကူးစက်ရောဂါများကိုလည်း တားဆီးကာကွယ်နိုင်သည့်အတွက် ဆက်လက်ကျင့်သုံးခြင်းအားဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

လူထူထပ်သည့်နေရာများ၊ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာရှိနေရသည့် အခြေအနေများ၊ အများပြည်သူသုံး မော်တော်ယာဉ်များ၊ ရထား၊ လေယာဉ်၊ သင်္ဘော စသည်တို့ဖြင့် ခရီးသွားရသည့်အခါများတွင် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောခြင်းတို့သည် ကိုဗစ်-၁၉ ရောဂါကိုသာမက ရာသီတုပ်ကွေးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ဝမ်းပျက်ဝမ်းလျှောကဲ့သို့သော ရောဂါများကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည်။ လူတို့ နေ့စဉ်ကိုင်တွယ် သုံးစွဲနေကြသည့် ငွေစက္ကူများ၊ ဖုန်းဟန်းဆက်၊ တံခါးလက်ကိုင်၊ သောက်ရေခွက်နှင့် ပန်းကန် ခွက်ယောက်များ စသည်တို့တွင် ရောဂါပိုးများစွာ ကပ်ငြိနေနိုင်သည်။ ဗိုင်းရပ်စ်နှင့် ဗက်တီးရီးယား စသော ရောဂါပိုးများ ထိတွေ့ထားသည့်လက်ဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်လုံး အနီးတစ်ဝိုက်များကို ထိကိုင်မိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအပြင် မျက်စိနာရောဂါ စသော ရောဂါများ ဖြစ်ပွားနိုင်သည်။

နိဂုံးချုပ်အားဖြင့် ဆိုရပါက မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကျဆင်းလာသော်လည်း လုံးဝပျောက်ကွယ်သွားသည့် အခြေအနေ မဟုတ်သေးသည့်အတွက် ဆက်လက်ဂရုပြုနေထိုင်ရန်၊ လူတစ်ဦးချင်းအနေဖြင့် မိမိတို့၏ ကိုယ်ခံအားကောင်းမွန်ရေး၊ ကူးစက်ရောဂါများ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး အသိသတိများဖြင့် နေထိုင်ကြရန် နှိုးဆော်တိုက်တွန်း အပ်ပါကြောင်း။       

No comments:

Post a Comment