“လူမျိုးတိုင်း၊ နိုင်ငံတိုင်းအနေဖြင့် Moving Forward ဆိုသည့်အတိုင်း အတိတ်ကို ပြန်လှည့်ကြည့်နေခြင်း၊ ရပ်နေခြင်းမရှိဘဲ ရှေ့ကိုဆက်လက် လျှောက်လှမ်းနေကြခြင်းဖြစ်၍ မိမိတို့နိုင်ငံအနေဖြင့်လည်း ကျန်နေ၍မရကြောင်း၊ Moving Forward ဟူသည့်အတိုင်း အမြဲလျှောက်လှမ်း နေရမည်ဖြစ်ကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဇူလိုင် ၄ ရက်တွင် ပုသိမ်ပြည်သူ့ဆေးရုံကြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ပြောကြားခဲ့သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေးအရ စိန်ခေါ်မှုအမျိုးမျိုး၊ ပြဿနာအမျိုးမျိုး တစ်မျိုးမဟုတ်တစ်မျိုး
ကြုံတွေ့ရင်ဆိုင် နေကြရသော်လည်း စိတ်မပျက်လက်မလျှော့ဘဲ မိမိနိုင်ငံ၊ မိမိလူမျိုး အကျိုးစီးပွားအတွက်
ရှေ့သို့ဆက်လက် လျှောက်လှမ်းကြိုးပမ်း ဆောင်ရွက်နေကြသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်လည်း တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ ရောဂါကို
ဖြေရှင်းကျော်လွှားနေပြီး ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကို
ရင်ဆိုင်ဖြေရှင်းလျက်ရှိကာ တစ်ချိန်တည်းတွင် နိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဉ်များ
တည့်မတ်မှန်ကန် ခိုင်မာစွာဖြစ်ထွန်းလာရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အား
တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိသည်။
အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုမျိုးစုံတို့ကို
တည်တည်ငြိမ်ငြိမ်ဖြင့် ဖြေရှင်းဆောင်ရွက်နေပြီး တစ်ချိန်တည်းတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို
တစ်ပြိုင်တည်း ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံအပေါ် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲဆောင်ရွက်နိုင်မှု
စွမ်းပကားရှိမှုတို့ကို ညွှန်းဆိုပြသနေသည်။ နိုင်ငံကို တာဝန်ယူဆောင်ရွက်နေသော
အစိုးရတစ်ရပ်အနေဖြင့် ပြည်သူများ၏ ယုံကြည်မှုရရန်၊ ပြည်သူများက အားကိုးသည့်
အစိုးရတစ်ရပ်ဖြစ်လာရန် ရည်မှန်းချက်များအတိုင်း၊ ချမှတ်ထားသည့်
လုပ်ငန်းစဉ်များအတိုင်း လက်တွေ့အကောင်အထည်ဖော်နိုင်ရန် လိုအပ်ပေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲ
နိုင်ငံတိုးတက်ရေးအတွက် နိုင်ငံ့အကျိုးကို ထိရောက်စွာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို
မြင်တွေ့ရမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံတွင် မည်သည့်အခြေအနေ ရှိနေသည်ဖြစ်စေ နိုင်ငံနှင့်
ပြည်သူအကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် စီးပွားရေးကို ဦးစားပေး အလေးထား ဆောင်ရွက်ကြရသည်ဖြစ်ရာ
မြန်မာနိုင်ငံတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်
ကြိုးပမ်းဆောင်ရွက်မှုများကို မြင်တွေ့ရသည်။ အဓိကအားဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့်
နိုင်ငံဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။
လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စီးပွားရေး၊ ဖွံ့ဖြိုးရေး၊ တိုးတက်ရေးအတွက်
အချို့ကို မိရိုးဖလာ လုပ်ဆောင်မှုများမှ ဖောက်ထွက်၍ ဆောင်ရွက်ရန်
စဉ်းစားရမည်ဖြစ်ကြောင်း၊ အစွဲအလမ်းများမထားဘဲ ကောင်းမွန်မည်ဟုထင်ပါက
ပြောင်းလဲဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားသည်။
ရေခံ၊ မြေခံ၊ အခြေခံကောင်းများ ရှိပြီးဖြစ်သော မြန်မာနိုင်ငံတွင်
နိုင်ငံသားအများစုမှာ စိုက်ပျိုးရေးကိုအခြေခံပြီး လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို
ကြည့်မည်ဆိုလျှင် မိရိုးဖလာအစဉ်အလာမှ ပြောင်းလဲရွေ့လျောဆောင်ရွက်နေသည့် သဘောရှိကြသည်ကို
တွေ့ရမည်ဖြစ်သည်။ သို့ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်
တိုးတက်လာမှုအပိုင်း၌ အားနည်းနေသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့်
စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး စက်မှုနည်းပညာအခြေခံသော
ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက် ကြရမည်ဖြစ်သည်။ ထို့ကြောင့်
နိုင်ငံတော်အစိုးရက စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပညာရပ်များဖွံ့ဖြိုးရေး၊
စီမံခန့်ခွဲမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို
ပိုမိုလျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတစ်ဝန်းတွင် ခရိုင်အဆင့်
တိုးချဲ့မြှင့်တင် ဖွဲ့စည်းပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများကို
အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးတွင် စိုက်ပျိုးမွေးမြူရေးနှင့်
စက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်ရန် လိုအပ်သဖြင့် ခရိုင်များကို အခြေခံ၍
စိုက်ပျိုးမွေးမြူရေးသိပ္ပံနှင့် စက်မှုကျောင်းများ ဖွင့်လှစ်နိုင်ရန်
ဆောင်ရွက်ပေးလျက်ရှိသည်။ သို့မှသာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လိုအပ်သော
လူသားအရင်းအမြစ်များ လုံလောက်စွာရရှိပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များ
ပေါများလာမည် ဖြစ်သည်။ ထိုအခါ နိုင်ငံအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ
ခေတ်နှင့်လျော်ညီစွာ အောင်မြင်တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အရည်အသွေး အဆင့်အတန်းမီသော
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ကာ နိုင်ငံ့စီးပွားရေး
ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာရန်၊
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန် ဆောင်ရွက်ရာတွင်
သမားရိုးကျလုပ်ကိုင်နေ၍၊ ရပ်တန့်နေ၍မရဘဲ ရှေ့သို့ဆက်လက်တိုးတက်၍ ပြောင်းလဲလုပ်ကိုင်နိုင်မည့်
အတွေးအခေါ် အကြံအစည် အလုပ်အကိုင်မြင့်မားသော လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေရန်
ဆောင်ရွက်ပေးနေပြီဖြစ်၍ အနာဂတ်ကာလတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဟု
ယုံကြည်ပါကြောင်း။ ။
No comments:
Post a Comment