Sunday, July 10, 2022

ရှမ်းပြည်နယ်အတွင်း အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်ဝသော သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်ရေးဆောင်ရွက်

 


နေပြည်တော် ဇူလိုင်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခြောက်လရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော တောင်ကြီးမြို့ရှိ ပြည်နယ်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်နယ်ရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ ဦးစီးဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရေး၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်အလိုက် အချိန်မီ ပြီးစီးရေး၊ ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရပ်စောက်မြို့နယ် သမဝါယမအသင်းစုလီမိတက် စွမ်းထက် သဘာဝအားဖြည့် မြေဩဇာထုတ်လုပ်ရေး လုပ်ငန်းသို့ရောက်ရှိပြီး အားဖြည့်သဘာဝမြေဩဇာ ထုတ်လုပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်က ကြက်ချေးအခြေခံ စွမ်းထက် သဘာဝအားဖြည့်မြေဩဇာ ထုတ်လုပ်မှု အခြေအနေများ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ တောင်သူလယ်သမားများ အကျိုးဖြစ်ထွန်းစေမည့် သဘာဝမြေဩဇာများ ထုတ်လုပ်မှုများကို ကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သဘာဝမြေဩဇာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေး အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူပြုမည့် သဘာဝမြေဩဇာများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။ ယင်းနောက် စွမ်းထက်သဘာဝအားဖြည့် မြေဩဇာထုတ်လုပ်ရေး လုပ်ငန်းအတွက် ပံ့ပိုးချေးငွေကျပ် သိန်း ၁၀၀ ကို သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်က ထောက်ပံ့ပေးအပ်ကာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ကြ သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေပူရွာ ပြည်နယ်သမဝါယမ အသင်းစုချုပ်၏ စိုက်ပျိုးရေးခြံသို့ရောက်ရှိပြီး သဘာဝအားဖြည့် မြေဩဇာများ အသုံးပြု၍ စိုက်ပျိုးထားသော သီးနှံပင်များကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment