ကြေးမုံ,အယ်ဒီတာ့အာဘော်
ပြည်သူများသည် နိစ္စဓူဝ ဗာဟီရကိစ္စများကြသည်။ ဘဝရှင်သန်ရပ်တည်ရေး၊ တိုးတက်ကြီးပွားရေး၊ အောင်မြင်ရေးအတွက် နေ့စဉ်လှုပ်ရှားရုန်းကန်လုပ်ကိုင် ဆောင်ရွက်နေကြသည်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်သမျှကို အားလပ်ချိန်တွင် တစ်နည်းတစ်ဖုံဖြင့် အပန်းဖြေကြသည်။ ပင်ပန်းနွမ်းနယ်သမျှကိုပြန်လည် လန်းဆန်းရွှင်လန်းလာအောင် ဖန်တီးဖော်ဆောင်ကြရသည်။
ပြည်သူများ ပင်ပန်းနွမ်းနယ်သမျှကို လန်းဆန်းရွှင်လန်းတက်ကြွလာအောင် ဖန်တီးဖော်ဆောင်ပေးကြသူများအနက် အဓိကဆောင်ကြဉ်းပေးနေကြသူများမှာ အနုပညာရှင်များဖြစ်သည်။ အနုပညာရှင်အမျိုးမျိုးရှိသည့်အနက် သဘင်၊ ဂီတ၊ ရုပ်ရှင်အနုပညာရှင်များသည် ပြည်သူများ၊ ပရိသတ်များ၏ စိတ်နှလုံးဘဝင်ကို ဆွဲငင်ယူဆောင်ဖမ်းစားနိုင်သည့် ပါရမီနှင့်ပြည့်စုံကြသူများဖြစ်သည်။ အဆိုပါ အနုပညာရှင်များသည် ပြည်သူများကို ထာဝစဉ်အလုပ်အကျွေးပြုလျက်ရှိပြီး ပြည်သူများကလည်း တစ်ခဲနက်ထောက်ခံအားပေးမှုဖြင့် ဘဝရှင်သန်ရပ်တည် လှုပ်ရှားလုပ်ကိုင်နေကြသည်။ ပြည်သူနှင့်အနုပညာရှင်ကို ခွဲခြား၍မရဘဲ အနုပညာသည် ပြည်သူအတွက်၊ ပြည်သူသည် အနုပညာအတွက် အပြန်အလှန် ကျေးဇူးပြုလျက်ရှိသည်။
အနုပညာရှင်များသည် လူသားများ၏ စိတ်ခံစားမှု၊ စိတ်ကျေနပ်မှုအတွက် အကောင်းဆုံးဖြည့်ဆည်းပေးနေသူများဖြစ်၍ အနုပညာသည် ညစ်နွမ်းမှုမရှိဘဲ ဖြူစင်မွန်မြတ်လှသည်။ အနုပညာရှင်များသည် အားလုံးအပေါ်တွင် တစ်တန်းတစ်စားတည်းထားကြသူများဖြစ်၍ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲအစွဲအလမ်း ရှိကြသူများ မဟုတ်ပေ။ ချစ်သူ၊ မုန်းသူ၊ မိတ်ဆွေ၊ ရန်သူ၊ နိမ့်သူ၊ မြင့်သူ မခွဲခြားဘဲ လူသားအားလုံး စိတ်နှလုံးချမ်းမြေ့စေရေးအတွက် ဖြည့်ဆည်းပေးနေကြသူများဖြစ်ရာ ပြည်သူအားလုံး၏ ချစ်ခင်လေးစားခြင်းကို ခံယူကြသူများဖြစ်သည်။
ထိုသို့ သမိုင်းကြောင်းအစဉ်အလာကောင်းများဖြင့် ဖြတ်သန်းလာခဲ့သော အနုပညာသည်များ၊ လင်းလက်တောက်ပြောင်အမွှမ်းတင်အပ်သော ဂုဏ်ဒြပ်များဖြင့် ဆောင်ကြဉ်းပေးလာခဲ့ကြသော အနုပညာရှင်များ၏ ဖြူစင်သောအနုပညာလောက ညစ်နွမ်းအောင် ပြုလုပ်မှုများရှိလာခဲ့သည်။ ပြီးခဲ့သည့်နှစ်ကာလများအတွင်း အနုပညာလောကအတွင်း၌ နိုင်ငံရေးအရောင်အသွေးများ စွဲကပ်လာခဲ့သည်။ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲများ ဖုံးလွှမ်းလာခဲ့ပြီး ပြည်သူတစ်ရပ်လုံး ချစ်မြတ်နိုးသော အနုပညာရှင်အချို့မှာ နိုင်ငံရေးလောကအတွင်းသို့ သက်ဆင်းသွားခဲ့သည်။ အသွေးအရောင်စုံသော ပြည်သူများအားကျောခိုင်း၍ အသွေးအရောင်ခွဲခြား နိုင်ငံရေးသမားများအဖြစ် ရပ်တည်သွားခဲ့ကြသည်မှာ စိတ်မကောင်းဖွယ်ရာဖြစ်သည်။ ပို၍ဆိုးရွားသည်မှာ အနုပညာကို နိုင်ငံရေးတွင် အသုံးချခံလိုက်ရခြင်းဖြစ်သည်။ ပြည်သူအားလုံးအပေါ်တွင် တစ်တန်းတစ်စားတည်းထားသော အနုပညာရှင်များအား ခွဲခြားဆက်ဆံခြင်းကို ခံကြရသည်။ ငါတို့ကို မထောက်ခံသူ အနုပညာရှင်များအား ဖယ်ကြဉ်ကြ၊ ရှောင်ရှားကြ၊ တိုက်ခိုက်ကြဟု ပြုလုပ်ကြပြီး ဖြူစင်သည့်အနုပညာရှင်များ ရပ်တည်၍မရအောင် ပြုလုပ်လာကြသည်။
ထိုသို့ အနုပညာလောက ခက်ခဲကျပ်တည်းနေချိန်တွင် အနုပညာလောက ပြန်လည်ရှင်သန်လာအောင် နိုင်ငံတော်အစိုးရက အားပေးဖြည့်ဆည်းကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိသည်။ ပြိုကွဲလုနီးပါးဖြစ်နေသည့် အနုပညာလောကကို ပြန်လည်ရှင်သန်လာစေရန်၊ ကိုဗစ်-၁၉ ရောဂါကြောင့် စိတ်မွန်းကျပ်နေသည့် ပြည်သူများအား စိတ်လက်ပျော်ရွှင် အပန်းပြေစေရန်နှင့် ပြည်သူများအား အနုပညာဖြင့် ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန် ရုပ်သံလိုင်းများနှင့် ဆိုရှယ်မီဒီယာများပေါ်မှတစ်ဆင့် ရုပ်ရှင်၊ သဘင်၊ ဂီတပဒေသာကပွဲကြီးကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပေးတော့မည်ဖြစ်သည်။ အနုပညာလောကသားများလည်း ပြန်လည်အသက်ဝင်ပြီး ပြည်သူများလည်း အပန်းပြေခံစား ကြည့်ရှုသောတဆင်နိုင်တော့မည်ဖြစ်သည်။
အနုပညာရှင်များအား ပါရမီရှင်များအဖြစ် ဂုဏ်ပြုသတ်မှတ်ထားသလို ဟာသပညာရှင်များကိုလည်း အသိအမှတ်ပြုလေးစားလျက်ရှိသည်။ အနုပညာနှင့်ပြည်သူသည် ခွဲခြား၍ရမည်မဟုတ်သည့်အတွက် အနုပညာဖြင့် ပြည်သူကို အလုပ်အကျွေးပြုပြီး တိုင်းပြည်ကို အကျိုးပြုကြရမည်ဖြစ်သည်။ အနုပညာစွမ်းပကားဖြင့် ပြည်သူများ၏ဘဝ တိုးတက်ကောင်းမွန်ရေးအတွက် အထောက်အပံ့ပြုရေး၊ အနုပညာဖြင့် တိုင်းပြည်အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်ရေး စည်းရုံး စွမ်းဆောင် ပြုလုပ်ကြရမည်ဖြစ်သည်။ အနုပညာဖြင့် လက်ရှိဘဝကို ထင်ဟပ်ပြီး ကောင်းမွန်သောအနာဂတ်ခရီးကို ဖြတ်သန်းနိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနုပညာလောကသည် တိုင်းပြည်နှင့်ပြည်သူအတွက် အရေးပါသောကဏ္ဍတစ်ခုဖြစ်၍ အနုပညာလောက ပြန်လည်ရှင်သန်လာအောင်၊ အနုပညာဖြင့် နိုင်ငံတော်တစ်ခုလုံး၊ ပြည်သူတစ်ရပ်လုံး တစ်ပြေးညီ အလုပ်အကျွေးပြုနိုင်အောင် ပြည်သူအားလုံး ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရပ်များကို တစ်ခဲနက်အားပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
No comments:
Post a Comment