Saturday, July 9, 2022

မိတ်ဆွေကောင်း မိတ်ဆွေဟောင်း ဆုံးရှုံးရသည့် အကြမ်းဖက်မှု

 


မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရသည့် တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းမှာ အကြမ်းဖက်ဝါဒ၏ ရက်စက်ကြမ်းကြုတ်မှုကို ထင်ရှားစွာပြသနေသည့် သာဓကတစ်ခုပင်ဖြစ်သည်။ ရည်ရွယ်ချက် ခိုင်ခိုင်မာမာမရှိဘဲ မုန်းတီးမှုသက်သက်မျှဖြင့် လက်ဖြစ်လူသတ်လက်နက်ကိုဖန်တီးကာ နိုင်ငံတွင် ထင်ရှားကျော်ကြားသူတစ်ဦးကို လူပုံအလယ်တွင် သတ်ဖြတ်ခဲ့ခြင်းက အိန္ဒိယမှ မဟတ္တမဂန္ဓီ၊ အမေရိကန်မှ ဂျွန်အက်ဖ်ကနေဒီတို့ လုပ်ကြံခံရသည့် သမိုင်းဝင်ဖြစ်စဉ်များနှယ်ပင်ဖြစ်သည်။

အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ကမ္ဘာပေါ်တွင် လူပေါင်းသိန်းနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရပြီဖြစ်သည့်တိုင်အောင် အကြမ်းဖက်မှုဆိုသည်ကို တိကျသည့်အဓိပ္ပာယ် ဖွင့်ဆိုချက်မရှိသေးဟု ဆိုသည်။ အမေရိကန်ကဲ့သို့သော သက်တမ်းရင့် ဒီမိုကရေစီနိုင်ငံကြီးသည်ပင်လျှင် လူမျိုးရေးမုန်းတီးမှုများ၊ အစွန်းရောက်သဘောထားများနှင့် တစ်ယူသန်အစွဲများကို အခြေပြုသည့် ပြည်တွင်းအကြမ်းဖက်ဝါဒီများ၏ အန္တရာယ်ကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေရသည်။ စစ်သွေးကြွ လူဖြူကြီးစိုးရေးဝါဒကြောင့် လူဖြူမဟုတ်သည့် လူမည်း၊ လူဝါ၊ လူညိုတို့မှာ ခွဲခြားဆက်ဆံခံရမှုအပြင် လက်နက်ဖြင့် အကြမ်းဖက် ပစ်ခတ်မှုများကိုပါ ကြောင့်ကြလာကြရသည်။ အမေရိကန်အစိုးရအနေဖြင့် လက်နက်ထိန်းချုပ်ရေးနှင့် လူမျိုးရေးမုန်းတီးမှု ကဲ့သို့သော အခြေခံအကြောင်းရင်းများကို ရှင်းလင်းနိုင်ရန် အချိန်ယူဆောင်ရွက်ရဖွယ်ရှိသည်။

စင်စစ်အကြမ်းဖက်မှုသည် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေစေကာမူ လက်နက်မဲ့အရပ်သားများကို ပစ်မှတ်ထားမှု၊ ညှာတာထောက်ထားခြင်းကင်းမဲ့မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြောက်တရားဖြင့် ထိန်းချုပ်လိုမှု၊ အစွန်းရောက်သဘောတရားများ ကိုင်စွဲထားမှု၊ မုန်းတီးမှု စသည့် သရုပ်သကန်များမှာမူ အတူတူပင်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် လွန်ခဲ့သည့် ၇၅ နှစ်က ဖြစ်ပွားခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့ရသည့် နိုင်ငံတော်လုပ်ကြံမှုတွင်လည်းဆိုခဲ့ပါ အကြမ်းဖက်ဝါဒ၏ သရုပ်သကန်များ ထင်ထင်ရှားရှားပါရှိနေကြောင်း ပြန်လည်လေ့လာကြည့်ပါက တွေ့ရှိနိုင်သည်။ စင်စစ် အကြမ်းဖက်လုပ်ရပ်များဖြင့် အစိုးရကိုအကျပ်ကိုင်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ရေးအပါအဝင် အကြမ်းဖက်ဝါဒီတို့၏ လိုလားချက်များ ရရှိသည်ဟူ၍မရှိဘဲ ရေရှည်တွင် ပြည်တွင်း ပြည်ပမှ ထောက်ခံမှုများမရရှိတော့သည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့ကြသည်သာ ဖြစ်သည်။

ဂျပန်နိုင်ငံ နာရာမြို့တွင် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခံရခြင်းသည် ဂျပန်နိုင်ငံနှင့် ဂျပန်ပြည်သူများအဖို့ ကြီးမြင့်လှစွာသော နိုင်ငံ့သားကောင်းတစ်ဦး ဆုံးရှုံးသွားရခြင်းဖြစ်သကဲ့သို့ မြန်မာနိုင်ငံအတွက်လည်း မိတ်ဆွေကောင်း၊ မိတ်ဟောင်းဆွေဟောင်းတစ်ဦး ဆုံးရှုံးသွားရသည့် ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ပင်ဖြစ်သည်။ အကြမ်းဖက်ဝါဒ ကမ္ဘာမြေပေါ်မှ အလျင်အမြန် ပျောက်ကွယ်ကျဆုံးပါစေသတည်း။ ။

No comments:

Post a Comment