Monday, July 11, 2022

တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

 



နေပြည်တော် ဇူလိုင် ၁၀

ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာ စောင့်သိမှု တရားပင်ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ် အပြည့်ထားရှိပြီး အထက်အောက် ညီညွတ်မျှတ သည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော်အကြီးအကဲက လမ်းညွှန်မှာကြားထား သည်ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်း စိတ်ဓာတ် (Commander Spirit) ၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit) တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင် ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက (ယာပုံ) သက်ဆိုင်ရာ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ များနှင့် နယ်မြေခံ သင်တန်းကျောင်းများသို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများအသီးသီး ပြုလုပ်ပေး၍ တက်ရောက် အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူတကွ လက်ရည်တစ်ပြင်တည်း သုံးဆောင်ခဲ့ကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ်များအလိုက် တပ်နယ်အသီးသီးမှ တပ်မတော် အရာရှိကြီးများ ကလည်း ၎င်းတို့၏ ကွပ်ကဲမှုများအလိုက် တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်းကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ အသီးသီးပြုလုပ်၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရှိသည်။

သတင်းစဉ်

No comments:

Post a Comment