မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလက နယ်ချဲ့ဆန့်ကျင်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်သည်များကို ဗိုလ်ချုပ်အောင်ဆန်းက မကြာခဏပြောကြား လေ့ရှိသည်။ ထိုက်တန်တူတန်သည့် လွတ်လပ်သောနိုင်ငံတည်ဆောက်ရာ၌ စည်းလုံးညီညွတ်စွာဖြင့် မြဲမြံသော သတိဖြင့် ဝိုင်းဝန်းကြိုးပမ်းအားထုတ်မှသာ မျှော်မှန်းထားသည့်အတိုင်း ရရှိနိုင်ကြောင်း မှာကြားခဲ့သည်။
အဓိကအချက်မှာ အပြောမဟုတ် စိတ်ခံစားချက်များနှင့်မလုပ်ဘဲ တူညီသော ရည်ရွယ်ချက်များဖြင့် လက်တွေ့ အလုပ်လုပ်ကြမှသာ မျှော်မှန်းထားသည့်ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ကို “ညီညွတ်ရေးဆိုတာ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသောရည်ရွယ်ချက်ရှိရမယ်။ တစ်တိုင်းပြည်လုံး လူတစ်မျိုးလုံးရဲ့လွတ်လပ်ရေး၊ လူတစ်မျိုးလုံးရဲ့အကျိုး၊ အဲဒီလို တူညီတဲ့ရည်ရွယ်ချက်၊ တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ် တိုင်းသူပြည်သား တွေရအောင် တူညီတဲ့အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုးဖြစ်ရမယ်။ ညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး” ဟု ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က ကျင်းပသော ဖဆပလ ပြည်လုံးကျွတ်ညီလာခံကြီး၌ ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။
ကျွန်ုပ်တို့သည် မြန်မာတစ်မျိုးသားလုံး၊ မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အသက်ပေးကြိုးပမ်းအားထုတ်ခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများကို ချစ်ခင်မြတ်နိုးကျေးဇူးဆပ် လိုပါလျှင် အမျိုးသားခေါင်းဆောင်ကြီး လမ်းညွှန်မှာကြားခဲ့သည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ရရှိပြီးသောလွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောရေးအတွက် မမေ့မလျော့သော သတိ၊ နိုင်ငံအပေါ် သစ္စာရှိရှိ တာဝန်သိသိ၊ တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်ခင်မြတ်နိုးမှုနှင့် မလျှော့သော ဇွဲ၊ လုံ့လ၊ သတ္တိတို့ဖြင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ညီညီညွတ်ညွတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ ကျရောက်စဉ်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတို့၌ အမျိုးမျိုးအဖုံဖုံ နှိပ်စက်မှု၊ ညှဉ်းပန်းမှု၊ ခေါင်းပုံဖြတ်မှု၊ သွေးခွဲမှုတို့ကို ခါးစည်းခံခဲ့ကြရသည်။ ဤခါးသီးသော အတွေ့အကြုံများကြောင့် မြန်မာတစ်မျိုးသားလုံးသည် သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်တို့ကို အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ကာ နည်းလမ်းအမျိုးမျိုးတို့ဖြင့် တွန်းလှန် ခဲ့ကြသည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်အံ့ဆဲဆဲ၊ နိုင်ငံလွတ်လပ်ရေးရရှိရန် လက်တစ်ကမ်းအလိုလောက်တွင် နယ်ချဲ့လက်ပါးစေ အမျိုးသားသစ္စာဖောက်များ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်များ ကျဆုံးခဲ့ရသည်။ လွတ်လပ်ရေးအတွက် အသက်နှင့်လဲပြီး ပေးဆပ်ခဲ့ရသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ အသက်၊ သွေး၊ ချွေးတို့ဖြင့် ရင်းနှီးပေးဆပ် ရယူပေးခဲ့သော လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ တည်ဆောက်ပေးခဲ့သော နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ စည်းလုံးညီညွတ်ရေး၊ တည်ငြိမ်အေးချမ်းသာယာဝပြောရေးတို့ကို ခေတ်အဆက်ဆက်က နိုင်ငံ့ခေါင်းဆောင်များက ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံလွတ်လပ်ရေး ရပြီဆိုသော်လည်း မသမာသူများနှင့် အမျိုးသားသစ္စာဖောက်များ၏ လူအချင်းချင်း ခေါင်းပုံဖြတ်မှု၊ အနိုင်ကျင့်နှိပ်စက်မှု၊ မတရားပြုကျင့်မှုတို့ကင်းဝေးအောင် တိုင်းပြည်ကိုချစ်မြတ်နိုးသော ခေါင်းဆောင်များက ကြိုးပမ်းဆောင်ရွက်နေကြ ရသည်။
ယခုအခါ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မှာကြားချက်များကို မှတ်သားလိုက်နာပြီး တိုင်းပြည်နှင့် လူမျိုးအတွက် ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြရမည့်အချိန်အခါဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်မိန့်ကြားခဲ့သော “တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေ၊ ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်တဲ့အခါမှာ တိုင်းသူပြည်သား လူထုနဲ့ချီပြီးတော့ လုပ်ငန်းကိုလုပ်မှ အောင်မြင်လိမ့်မယ်” ဟူသော မိန့်မှာချက်ကို စွဲမြဲစွာခံယူပြီး ပြည်သူလူထုဆန္ဒကို လက်တွေ့အကောင် အထည်ပေါ်လာအောင် အစိုးရနှင့်ပြည်သူ ညီညီညွတ်ညွတ် လက်တွဲလုပ်ကိုင်ကြရန် လိုအပ်မည်ဖြစ်သည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်မှသာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ဆန္ဒများ ပြည့်ဝမည်ဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ကျေးဇူးဆပ်ရာရောက်မည်ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၂ ခုနှစ် အာဇာနည်နေ့သည် ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် (၇၅) နှစ်မြောက်ကာလဖြစ်၍ အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့သတိရခြင်းများနှင့်အတူ ကျေးဇူးတုံ့ပြန်သောအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး တက်ညီလက်ညီ လက်တွဲကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
No comments:
Post a Comment