နှစ်စဉ် မိုးရာသီကာလသို့ကျရောက်လာတိုင်း သစ်ပင်စိုက်ပျိုးပွဲတော်များနှင့် သဘာဝရေပြင်များ၊ ဆည်ရေလှောင်တမံများအတွင်း ငါးမျိုးစိုက်ထည့်ပွဲများကို ကျင်းပလျက်ရှိသည်။ သစ်ပင် စိုက်ပျိုးပွဲတော်များ တွင် နှစ်စဉ်စိုက်ပျိုးသည့် သစ်ပင်အရေအတွက်နှင့် အောင်မြင်ဖြစ်ထွန်းသည့် သစ်ပင်အရေအတွက်တို့ကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် စိုက်သမျှအောင်မြင်ဖြစ်ထွန်းစေရန်အတွက် ပျိုးပင်အရွယ်အစား ပိုမိုကြီးမားသည် အထိ ပြုစုပျိုးထောင်ပြီးမှ စိုက်ပျိုးခြင်း၊ ဒေသနှင့်ကိုက်ညီသည့် အပင်မျိုးများ စိုက်ပျိုးခြင်း၊ စိုက်ပျိုးပြီးသည့် နောက်တွင် ဆက်လက်ပြုစုပျိုးထောင်ပေးခြင်း၊ ရှင်သန်မှုမရှိသည့် အပင်များနေရာတွင် ကွက်လပ်ဖြည့်စိုက်ပျိုး ပေးခြင်းဖြင့် အောင်မြင်မှုရရှိသည့် နေရာများကို တွေ့ရှိရသည်။ သစ်ပင်စိုက်ပွဲတော်များကျင်းပပြီး ဆက်လက်ပြုစုပျိုးထောင်ခြင်း ကင်းမဲ့လျှင် ရှင်သန်ပေါက်ရောက်မှု ရာခိုင်နှုန်းနည်းပါးမည်သာဖြစ်သည်။
မိမိတို့နိုင်ငံတွင် ကုန်းတွင်းပိုင်းရေပြင်များတွင် ရေချိုငါးသယံဇာတများ သဘာဝအလျောက်တည်ရှိနေရာ အလွန်အကျွံ ငါးဖမ်းဆီးမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ရေထုညစ်ညမ်းမှု၊ ငါးနေ ငါးထိုင်များနှင့် ငါးများ သဘာဝအလျောက် မျိုးပွားသားပေါက် သည့်နေရာများ ပျက်စီးဆုံးရှုံးမှု၊ ငါးရောဂါများကျရောက်မှု၊ ငါးများ အချင်းချင်း စားသောက်မှု စသည့်အကြောင်းတရားများကြောင့် ငါးသယံဇာတလျော့နည်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ငါးသယံဇာတလျော့နည်းမှုကို ထိန်းသိမ်းနိုင်ရန် နည်းလမ်းများ အနေဖြင့် ငါးနေငါးထိုင်များနှင့် ငါးများ မျိုးပွားသားပေါက်နိုင်ရန်နေရာများ ပြန်လည်အစားထိုး ဖန်တီးပေးခြင်း၊ ငါးမျိုးစိုက်ထည့် ပေးခြင်းတို့အပြင် ကျဉ်စက်အသုံးပြု၍ ငါးဖမ်းခြင်း၊ အဆိပ်ချ ငါးဖမ်းခြင်းတို့ကဲ့သို့သော တရားမဝင် ငါးဖမ်းနည်းများကို အသုံးပြု၍ ငါးဖမ်းခြင်းကို ထိရောက်စွာ တားဆီးနိုင်ရမည်ဖြစ်သည်။ သို့မှသာလျှင် သဘာဝရေပြင်များဖြစ်သော မြစ်ချောင်း အင်းအိုင်များနှင့် လူတို့တည်ဆောက်ထားသည့် ဆည်မြောင်း တာတမံများအတွင်း နှစ်စဉ် ငါးသယံဇာတထိန်းသိမ်းနိုင်ရေး ငါးမျိုးစိုက်ထည့်ပေးခြင်းတို့ ပိုမို၍အကျိုးပြုနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရေချိုရေပြင် ဧရိယာစုစုပေါင်း ဧက ၅၃ ဒသမ ၃၈ သန်းရှိသည့်အနက် သဘာဝမြစ်ချောင်းအင်းအိုင်ရေပြင်ဧက ၂၀ ဒသမ ၅၁ သန်း၊ ရေဝပ်ဧရိယာ ဧက ၁၅ သန်း၊ စပါး စိုက်ဧက ၁၃ ဒသမ ၃၈ သန်းနှင့် ဆည်၊ ရေလှောင်ကန်ဧရိယာဧက ၄ ဒသမ ၅ သန်းတို့ပါရှိနေရာ စပါးစိုက်ဧကများတွင် အခြေအနေပေးသည့် နေရာဒေသများ၌ စပါးငါး တွဲဖက်စိုက်ပျိုးမွေးမြူရေးကို ဆောင်ရွက်ခြင်းဖြင့် စပါးစိုက်တောင်သူတို့ ပိုမိုအကျိုးဖြစ်ထွန်းနိုင် မည်ဖြစ်သည်။ စင်စစ် စပါးငါးတွဲဖက်စိုက်မွေးခြင်းသည် တရုတ်နိုင်ငံတွင် နှစ်ပေါင်းထောင်နှင့်ချီ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများ တွင်လည်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိရာ မိမိတို့နိုင်ငံတွင်လည်း ၎င်းတို့ကဲ့သို့ စနစ်တကျလုပ်ကိုင်နိုင်ရန် ကြိုးပမ်းသွားရမည်ဖြစ်သည်။
စပါး ငါး စိုက်ပျိုးမွေးမြူခြင်းဖြင့် တောင်သူများအတွက် အကျိုးအမြတ်ကို ပိုမိုဖြစ်ထွန်းမှုမှာ ၅၀ ရာခိုင်နှုန်းဖြစ်၍ “စပါးက ရွှေ၊ ငါးက ငွေ၊ လယ်ယာသားငါး ပြည့်စီးပွား”ဟူသော ဆောင်ပုဒ် ဖြင့် တစ်ချိန်က ဆောင်ရွက်ခဲ့ပြီး စနစ်တကျမလုပ်နိုင်ခဲ့ခြင်း အပါအဝင် အကြောင်းအမျိုးမျိုးဖြင့် အောင်မြင်မှုနည်းပါးခဲ့သည်။ အားနည်းချက်များကို ပြင်ဆင်ပြီး အခက်အခဲနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခြင်းဖြင့် အခြားနိုင်ငံများ နည်းတူ လယ်ယာသားငါးထုတ်လုပ်မှုတို့ အောင်မြင်တိုးတက်ကာ တောင်သူတို့အကျိုးများနိုင်ပါစေကြောင်း။ ။
No comments:
Post a Comment