နေပြည်တော် ဇူလိုင် ၁၃
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်၏ နှစ်ပတ်လည်အစည်းအဝေး (NAP Annual Review Meeting) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက UNAIDS အဖွဲ့မှ ၂၀၂၁ ခုနှစ်တွင်
ထုတ်ပြန်ထားသောကိန်းဂဏန်းများအရ ကမ္ဘာပေါ်တွင် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ဖြစ်ပွားနေသူပေါင်း
(၃၇ ဒသမ ၇)သန်းခန့်ရှိပြီး၊ အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရသူ (အသစ်)ပေါင်း (၁ ဒသမ ၅)သန်းခန့်ရှိကြောင်းသိရှိရကာ
ခန့်မှန်းတွက်ချက်မှုများအရ မိမိတို့နိုင်ငံတွင်လည်း (၂၀၂၁) ခုနှစ်အကုန်၌ လူဦးရေ
(၂၇၀,၀၀၀) ကျော်ခန့် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရခြင်း ဖြစ်သည့််အတွက် ရာခိုင်နှုန်းအားဖြင့်
လူဦးရေ၏ (၀ ဒသမ ၆၄ ရာခိုင်နှုန်း) အထိရှိနေဆဲဖြစ်ကြောင်း၊ ရောဂါအသစ်ကူးစက်ခံရမှုအနေဖြင့်
(၂၀၀၀) ပြည့်နှစ်တွင် အမြင့်ဆုံးဖြစ်ခဲ့၍ အသစ်ကူးစက်မှုခံရသူပေါင်း (၃၀,၀၀၀)နီးပါးအထိ
ရှိခဲ့သည်ကို တွေ့ရပြီး (၂၀၂၁)ခုနှစ်တွင် လူ(၁၁,၀၀၀)ခန့်အထိ လျော့နည်းကျဆင်းလာသည်ကို
တွေ့ရကြောင်း။
မိမိတို့မြန်မာနိုင်ငံအနေဖြင့် ခုခံအားကျဆင်းမှု
ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၂၅) တွင်ပါရှိသည့် ဦးစားပေးနည်းဗျူဟာ(၅)ရပ်နှင့်အညီ
(၂၀၃၀)ပြည့်နှစ်တွင် အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ်
ပေါ်ထွက်လာစေရန်အထိ ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း။
နောင်လာမည့် မျိုးဆက်သစ်များအတွင်း အိပ်ချ်အိုင်ဗွီပိုးကင်းဝေးစေရေးအတွက်
မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီနှင့် ဆစ်ဖလစ်ရောဂါပိုးကူးစက်မှုမှ ကာကွယ်ရေးလုပ်ငန်းများကိုလည်း
(၂၀၂၁)ခုနှစ်တွင် (၃၃၀)မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ရာ တစ်နိုင်ငံလုံး လွှမ်းခြုံမှုရရှိပြီ
ဖြစ်ကြောင်း။
အိပ်ခ်ျအိုင်ဗွီကာကွယ်ရေးနည်းဗျူဟာသစ်
တစ်ခုဖြစ်သည့် အိပ်ခ်ျအိုင်ဗွီကူးစက်အန္တရာယ်ရှိသည့် ဦးတည်အုပ်စုဝင်များကို ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့်
ဆေးဝါးတိုက်ကျွေးခြင်း လုပ်ငန်း (Pre Exposure Prophylaxis (PrEP)ကို ရန်ကုန်တိုင်းဒေသကြီး၌
အမျိုးသားချင်း ချစ်ခင်စုံမက်သူများအတွက် (၂၀၂၀)ပြည့်နှစ်တွင် ရှေ့ပြေးစီမံချက်အနေဖြင့်
ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးအကြောထဲထိုးသွင်းသူများတွင် ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့်
ဆေးဝါးတိုက်ကျွေးခြင်းလုပ်ငန်း (Pre Exposure Prophylaxis (PrEP)ရှေ့ပြေးစီမံချက်ကို
(၂၀၂၂)ခုနှစ် အတွင်း၌ ဆောင်ရွက်မည်ဖြစ်ကြောင်း။
အိပ်ခ်ျအိုင်ဗွီပိုးရှိလူနာများကို ထိရောက်စွာ
ပြုစုကုသစောင့်ရှောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ၌ (၂၀၂၁)ခုနှစ်ကုန်အထိရရှိသည့်
စာရင်းများအရ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် လူနာစုစုပေါင်း (၁၉၀,၀၀၀)ကျော်ကို အေအာတီဆေးဝါး
အခမဲ့ကုသပေးနိုင်ခဲ့ပြီး အဆိုပါလူနာများ၏ (၉၀ ရာခိုင်နှုန်း)နီးပါးသည် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ
အေအာတီဆေးကုသဌာနများတွင် ဆေးကုသမှုခံယူလျက်ရှိပါကြောင်း၊ အိပ်ခ်ျအိုင်ဗွီပိုးရှိသူများအား
ခွဲခြားနှိမ့်ချဆက်ဆံခြင်းများ လုံးဝပပျောက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊
ပြည်သူများအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် လူတိုင်းလက်လှမ်းမီရရှိနိုင်သော
အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ရရှိစေရေးနှင့်(၂၀၃၀) ခုနှစ်တွင် အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုကင်းဝေးသော
လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာစေရန်အထိ ရည်မှန်းချက်ထား၍ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း
ပြောကြားသည်။
အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊
ဒုတိယဝန်ကြီး၊ ဝန်ကြီးရုံး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူးများ၊
ပါမောက္ခ/ဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊
နှီးနွယ်ဝန်ကြီးဌာနမှ ဖိတ်ကြားထားသူများ၊ ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့များမှ
တာဝန်ခံဆရာဝန်များနှင့် အဖွဲ့ခေါင်းဆောင် ဆရာဝန်များ၊ ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာနှင့်
ပြည်တွင်း လူမှုရေးအသင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment