Sunday, July 10, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား ပညာရည်ချွန်ဆုချီးမြှင့်

 


နေပြည်တော် ဇူလိုင် ၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူများ၊ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) ရတနာခန်းမ၌ ကျင်းပသည်။

နိုင်ငံအကျိုးသယ်ပိုး

ဦးစွာလျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ထက်မြက်စွာ အောင်မြင်ကြသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ဆရာ၊ မိဘ အုပ်ထိန်းမှုအောက်တွင် စည်းကမ်းပြည့်ဝစွာဖြင့် ပညာရည်မြင့်မားတိုးတက်အောင် အစဉ်တစိုက် ကြိုးပမ်းအားထုတ်နိုင်ကြပြီး အနာဂတ် မြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်မည့် နိုင်ငံ့သားကောင်းများ ဖြစ်ကြပါစေကြောင်း၊ ထူးချွန်ဝန်ထမ်းများ အနေဖြင့်လည်း ကျရာတာဝန်ကျေပွန်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းကောင်းများအဖြစ် နိုင်ငံ့အကျိုးကို သယ်ပိုးရွက်ဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများကို လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်တို့က ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများကို လည်းကောင်း၊ ဌာနအကြီးအကဲများက လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရ ဝန်ထမ်းများကို လည်းကောင်း ပညာသင်ထောက်ပံ့ကြေး၊ ပညာရည်ချွန်ဆုနှင့် ဂုဏ်ပြုဆုငွေ စုစုပေါင်းငွေကျပ် ၆၅၇၆၆၅၀၀ ကို ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ထူးရကျောင်းသား ကျောင်းသူများကိုယ်စား ခြောက်ဘာသာဂုဏ်ထူးရှင် မဆုရတနာထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဌာနအကြီးအကဲများသည် ထူးချွန်ဆုရ ဝန်ထမ်းများ၊ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment