ရန်ကုန် ဇူလိုင် ၉
အထည်ချုပ်လုပ်ငန်းတွင် Assessment Center များ တိုးမြှင့်တည်ထောင်ရန်နှင့် Assessor များ ပိုမိုမွေးထုတ်ပေးရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်ခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC) မှ တာဝန်ရှိသူများ၊ စက်မှုဇုန်ဥက္ကဋ္ဌများ၊ အထည်ချုပ်လုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာဒုတိယဝန်ကြီးက မြန်မာနိုင်ငံလုပ်သား များကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဖြေဆိုသူ ၅၀၀၀ ကို စစ်ဆေးအကဲဖြတ်ရန်
လျာထားပြီး အထည်ချုပ် အလုပ်အကိုင်ကို အဓိကဦးစားပေး၍ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ကြောင်း။
အသိအမှတ်ပြု
လုပ်ငန်းစီမံချက်အရ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် NSSA အသိပညာပေးဆွေးနွေးပွဲ ခြောက်ကြိမ် ကျင်းပခဲ့ပြီး အထည်ချုပ်အလုပ်အကိုင်၊ လျှပ်စစ်အလုပ်အကိုင်နှင့် အုတ်စီအလုပ်အကိုင်ရှိ လုပ်သား ၃၈၀ ကို ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ကာ ချင်းတွင်းတံခွန်၊ Maple Win အထည်ချုပ်စက်ရုံနှင့် အစိုးရနည်းပညာကောလိပ် (နေပြည်တော်)တို့ကို အထည်ချုပ်စစ်ဆေး အကဲဖြတ်ရေးဌာနအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ကြောင်း။
NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှ ယနေ့ထိ ကျွမ်းကျင်မှု “စံ” ရေးဆွဲပြီး အလုပ်အကိုင် ၈၁ မျိုး တွင် Inspector နှင့် Assessor ၆၅၀ ကျော်၊ စစ်ဆေးအကဲဖြတ်ရေးဌာန ၂၀၀ တည်ထောင်၍ အလုပ်အကိုင်အမျိုးပေါင်း ၃၀ အတွက် ကျွမ်းကျင်လုပ်သား ၁၇၅၀၀ ကျော်ကို အသိအမှတ် ပြုနိုင်ခဲ့ကြောင်း။
ရန်ကုန်တိုင်းဒေသကြီးတွင် NSSA အသိအမှတ်ပြု အထည်ချုပ်စစ်ဆေးအကဲဖြတ်ရေးဌာန ၄၀ နီးပါးရှိ၍ NSSA အသိအမှတ်ပြု ကျွမ်းကျင်လုပ်သား ၅၃၀၀ ကျော်၊ Inspector နှင့် Assessor ၃၀ သာရှိကြောင်း၊ မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံနှင့် လုပ်သားအရေအတွက်ဖြင့် NSSA အသိအမှတ်ပြု စစ်ဆေးအကဲဖြတ်ရေးဌာန ကျွမ်းကျင်လုပ်သား အရေအတွက် အချိုးချကြည့်ပါက စစ်ဆေးအကဲဖြတ်ရေးဌာနများ၊ စစ်ဆေးအကဲဖြတ်သူများ၊ စစ်ဆေးရေးမှူးများကို များစွာမွေးထုတ်ရမည်ဟု မြင်တွေ့ရပြီး လုပ်ငန်းရှင်များက မြန်မာ့အထည်ချုပ်ကဏ္ဍ တိုးတက်စေရေး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေး လုပ်ငန်းစဉ်တွင် စိတ်ပါဝင်စားစွာ ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း။
အထည်ချုပ်အလုပ်အကိုင် စစ်ဆေးအကဲဖြတ်ရာတွင် စစ်ဆေးအကဲဖြတ်သူများအတွက် ဉာဏ်ပူဇော်ခနှင့် ဖြေဆိုသူများအတွက် ကုန်ကျစရိတ်များကို နိုင်ငံတော်ဘဏ္ဍာငွေက ကျခံသုံးစွဲနေရသဖြင့် အဆင့်မီအထည်ချုပ်
ကျွမ်းကျင်လုပ်သားများ အသိအမှတ်ပြုပေးခြင်းအားဖြင့် လုပ်သားများ၏ လူမှုဘဝမြင့်မားစေပြီး လုပ်ငန်းရှင်များအတွက်ပါ များစွာအထောက်အပံ့
ဖြစ်စေကြောင်း။
အလေးထားဆောင်ရွက်
သို့ဖြစ်၍ အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်သားများ ကျွမ်းကျင်မှုအဆင့်နှင့် ကိုက်ညီသော အသိအမှတ်ပြုလက်မှတ်များရရှိရေး NSSA ၏ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး
လုပ်ငန်းစဉ်များတွင် စစ်ဆေးအကဲဖြတ်ရေးဌာနများ တည်ထောင်ခြင်း၊ Assessor များ မွေးထုတ်ပေးခြင်းဖြင့် ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်၍ တစ်ဦးချင်းဝင်ငွေ ပိုမိုရရှိစေပြီး လုပ်သားများ၏ လူနေမှုဘဝ မြင့်မားတိုးတက်စေရေးအတွက် အလေးထား ဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီမှ တာဝန်ခံနှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်တို့က ဆွေးနွေးတင်ပြ၍ စက်မှုဇုန်ဥက္ကဋ္ဌနှင့် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment