Tuesday, July 12, 2022

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ၌ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်မြို့ရှိ ဘုရားစေတီများတွင် ကုသိုလ်ကောင်းမှုပြုကြသူများနှင့် အထူးစည်ကားလျက်ရှိ

ရန်ကုန် ဇူလိုင် ၁၂

ယနေ့သည် ဗုဒ္ဒဘာသာဝင်များ၏နေ့ထူးနေ့မြတ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်မြို့ရှိ ဘုရားစေတီများ၌ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် အထူးစည်းကား လျက်ရှိသည်ကို တွေ့မြင်ရသည်၊၊

 













ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) အခမ်းအနားများကို ယနေ့နံနက် ၅ နာရီမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

ရှေးဦးစွာရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်ပူဇော်ပွဲကို စေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဘာသာ ရေးဝတ်အသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီး ဆွမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။

ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါ တော်နေ့) အခမ်းအနားကို ဆက်လက်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များက စိန်ရောင်ခြည် ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများအားဖိတ်ကြားခြင်း ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ဓမ္မစကြာအမွှန်းဂါထာရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်း အမျှဝေခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြသည်၊၊

ယင်းနောက် စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစတင်၍ ရွှေကြာသင်္ကန်း လှည့်လည်ပူဇော်ပွဲ အခမ်းအနားကိုကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များကဝါဆို ရွှေကြာသင်္ကန်းတော်များကိုကိုင် ဆောင်ကာ ရင်ပြင်တော်တစ်ပတ်လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး စေတီတော်ရင်ပြင် အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ဘုရားနှင့် အရုဏ်ခံ တန်ဆောင်းမုခ် ၄ မုခ်ရှိ ကကုသန္ဓ၊ ကောဏာ ဂမန၊ ကဿပ၊ ဂေါတမ မြတ်စွာဘုရားများအားဝါဆို ရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြသည်။

ဆက်လက်၍ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် (ဓမ္မစကြာအခါတော်နေ့) ရေစက်ချ မင်္ဂလာအခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများ တက်ရောက်ကြည်ညိုကြသည်၊၊

အခမ်းအနားတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ညောင်တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပဝရာဘိဝံသထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်ကြသည်၊၊

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိ ဦးသိန်းထွဋ်မောင်က အဖွင့်မင်္ဂလာစကား လျှောက်ထားသည်၊၊

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပက အဖွဲ့ဝင်များနှင့် အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယတိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ (ရေစကြိုဆရာတော်) ထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒသကြီးဝန်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်၊၊

ထို့ပြင် ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၆) နာရီတွင် ဂေါပကရုံး၌ ကျင်းပသည်၊၊

အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒထံမှ ဂေါပကအဖွဲ့များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အရှင်မြတ်တို့ ချီးမြင့်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကိုနာယူကြသည်၊၊

ထို့နောက် ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းကြသည်၊၊

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလထံ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြပြီး ရေစက်ချ အမျှပေးဝေကြသည်၊၊

ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက ရွှေကြာသင်္ကန်းတော်များ ကိုင်ဆောင်လျက် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ကို လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ကြပြီး ဂန္ဓကုဋိတိုက်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ရွှေကြာသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်၊၊

အလားတူ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဆူးလေစေတီတော်၊ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၊ စွယ်တော်မြတ်စေတီတော် (ရန်ကုန်) တို့၌လည်း သက်ဆိုင်ရာစေတီတော်ဂေါပကအဖွဲ့များက ကြီးမှူး၍ ဝါဆိုလပြည် (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားများကို ကျင်းပကြကြောင်း သိရှိရသည်၊၊

(သတင်းစဉ်)

သတင်း-ကိုကိုဇော်(MNA) ၊ ဓာတ်ပုံဇော်ဇော်လတ်

No comments:

Post a Comment