နေပြည်တော် ဇွန် ၂
သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကိုအထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။
ယနေ့တွင် ၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း၊ရေ၊လေ) မိသားစုများ၏ ပထမအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊
ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင်
ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း
နှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာန
ချုပ်တိုင်းမှူးနှင့်ဇနီး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ
တက်ရောက်ကြသည်။
သစ်တောသယံဇာတများ
ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့် သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများတွင်
ပြည်သူများတက်ကြွစွာပူးပေါင်းပါဝင်လာစေရန် ရည်ရွယ် ကျင်းပ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်
တပ်မတော်အနေဖြင့် ၂၀၁၁ ခုနှစ်မှစတင်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး
၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြင်းထန်ခဲ့သဖြင့် ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း၊
မြေဆီမြေနှစ်များ နိုးထချိန်၊ မိုးရေမှန်မှန်ရချိန်ဖြစ်သည့် ဇူလိုင်လအတွင်း အများအားဖြင့်ပြုလုပ်ခဲ့ပြီး
ယခုနှစ်တွင် မိုးဦးကျစေသည်သာမက မိုးလေဝသသည်လည်း သင့်တင့်မှန်ကန်နေပြီဖြစ်သည့်အတွက်
ယခင်နှစ်များထက်စော၍ ပြုလုပ်ခြင်းဖြစ်ကြောင်း။
သစ်ပင်များသည် သက်ရှိသတ္တဝါများအားလုံး၏
အဓိကအစာကွင်းဆက်ဖြစ်သကဲ့သို့ သက်ရှိ သတ္တဝါများအချိန်နှင့်အမျှရှူသွင်းနေသည့် အောက်ဆီဂျင်ကိုထုတ်ပေးနေသည့်
သဘာဝအောက်ဆီဂျင်ထုတ်စက်များလည်းဖြစ်ကြောင်း၊ အပင်စိုက်ပျိုးခြင်းသည် စိုက်ပျိုးသူကိုယ်တိုင်
နှင့်စိုက်ပျိုးသူများ၏ ပတ်ဝန်းကျင်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးကျေးဇူးများကို
ပေးစွမ်းနိုင်ပြီး မိမိတို့၏လူ့ပတ်ဝန်းကျင်တွင် “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်”၊
“တစ်သက်ပျော်ချင် သစ်ပင်စိုက်” ဟူသည့် အဆိုအမိန့်စကားရပ်များ ဖြစ်ထွန်းလာခြင်းဖြစ်
ကြောင်း။
တပ်မတော်အနေဖြင့် ယခုကဲ့သို့သစ်ပင်စိုက်ပွဲတော်များကျင်းပနေခြင်းသည်
သစ်တောသယံဇာ တများရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့် သစ်တောထိန်းသိမ်းရေး
လုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ကျင်းပနေခြင်းပင်
ဖြစ်ကြောင်း၊ သစ်ပင်သစ်တောများသည် လေထုအပူချိန်ကိုထိန်းညှိပေးနိုင်သည်ဖြစ်သည့်အတွက်
ကြီးမားသည့်ရာသီဥတုပြောင်းလဲမှုများ၊ ဆိုးရွားသည့် ရာသီဥတုဖောက်ပြန်မှုများ မဖြစ်စေရန်
ထိန်းညှိပေးနေသည်ကိုလည်း သိရှိထားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရေဆင်း ဒေသသည် ယခင်က ပူပြင်းသည့်ရာသီဥတုရှိခဲ့ပြီး
ယခုကဲ့သို့သစ်ပင်စိုက်ပျိုးမှုများကို ရေရှည် ဆောင်ရွက်ခဲ့သောကြောင့် လက်ရှိအခါတွင်
ကောင်းမွန်သည့်ရာသီဥတုနှင့် စိမ်းလန်းစိုပြေမှု အကျိုးရလာဒ်ကို ခံစားရခြင်းပင်ဖြစ်ကြောင်း။
တိုင်းဒေသကြီးနှင့်
ပြည်နယ်အလိုက် ထင်းစိုက်ခင်းများ စိုက်ပျိုးတည်ထောင်ကြရန်နှင့် တစ်ပင်စိုက်တစ်ပင်ရှင်စနစ်ဖြင့်
ဖြစ်ထွန်းအောင်မြင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ရမည်
မိမိတို့နိုင်ငံသည်ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ
ထင်း၊ မီးသွေးကို လောင်စာအဖြစ် အသုံးပြုနေကြဆဲဖြစ်ကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည်
ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ချက်ပြုတ်ရေးအတွက်အများစုသည် ထင်းကိုအဓိကထားသုံးစွဲနေကြကြောင်း၊
ထို့ကြောင့် သဘာဝသစ်တောများအပေါ် အဓိကမှီခိုအားထားနေကြရသည်ဖြစ်သည်ဟု ပြောကြားလိုကြောင်း၊
ထိုကဲ့သို့မှီခိုနေရမှုများကိုလျှော့ချနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်
ကျေးရွာပိုင်ထင်းစိုက်ခင်းများကို တစ်ရွာလျင် အနည်းဆုံး ၂ ဧက စိုက်ပျိုး တည်ထောင်ကြရန်မှာကြားခဲ့ခြင်းပင်ဖြစ်ကြောင်း၊
အပင်စိုက်သည့်အခါတွင် စိုက်ပျိုးပြီးသည်နှင့် မလုံလောက်ဘဲ ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်ရန်လည်း
လိုအပ်ကြောင်း၊ တစ်ပင်စိုက်တစ်ပင်ရှင်စနစ်ဖြင့် ဖြစ်ထွန်းအောင်မြင်အောင်ဆောင်ရွက်ရန်
သက်ဆိုင်ရာဌာန များကတာဝန်ယူဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ နိုင်ငံသားအားလုံးကလည်း ပူးပေါင်းပါဝင်
ဆောင်ရွက်ကြရန်လိုကြောင်း။
မိမိတို့နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာသည်
တစ်နှစ်ထက်တစ်နှစ် လျော့နည်းပျက်စီးလာပြီး သစ်တောများပိုမိုပျက်စီးလာသည်ကိုစိစစ်တွေ့ရှိရကြောင်း၊
ထို့ကြောင့် သစ်ပင်သစ်တောများ ပြုန်းတီးမှုကိုဖြစ်စေနိုင်သည့် သစ်တောထွက်ကုန်များကို
အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ သစ်များတရားမဝင်ထုတ်ယူ၍ ကိုယ်ကျိုးစီးပွားအတွက်ဆောင်ရွက်ခြင်းနှင့်
ရွှေ့ပြောင်းတောင်ယာများစိုက်ပျိုးခြင်းများကို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
လျှပ်စစ်မီးရရှိမှုအားနည်းနေပါက ထင်းအသုံးပြုမှုသည်ရှိနေဦးမည်ဖြစ်သဖြင့် ထင်းအသုံးပြုမှု
များကိုစနစ်တကျဖြစ်စေရေးနှင့် ထင်းအစားထိုးလောင်စာများ အသုံးပြုနိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံတွင် သစ်ကိုအခြေခံသည့် အဆောက်အဦများအများအပြားရှိနေသည့်အတွက် မိမိတို့နိုင်ငံ၏လူနေမှုစနစ်ကို မြှင့်တင်ပေးရမည်ဖြစ်ပြီး ခေတ်နှင့်လျော်ညီပြီး
သဟဇာတဖြစ်သည့်အဆောက်အဦများဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
စိမ်းလန်းသာယာသည့်နိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင်ထာဝရဂုဏ်ယူနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်
မိမိတို့ဒေသအလိုက် သစ်ပင်စိုက်ပျိုးခြင်း၊
ထိန်းသိမ်းခြင်းများကိုဆောင်ရွက်ကြရမည်ဖြစ်ပြီး သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် မိမိတို့အတွက်သာမက
အနာဂတ်မျိုးဆက်သစ်များအတွက်လည်း အကျိုးများစွာကို ဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊
သစ်တောသစ်ပင်များ စိုပြေစိမ်းလန်းမည် ဆိုပါက ကျန်းမာပျော်ရွှင်ဖွယ်ကောင်းသည့် လူပတ်ဝန်းကျင်ကို
လက်ဆင့်ကမ်းနိုင်မည်ဖြစ်ကြောင်း၊ သစ်ကိုအခြေခံသုံးစွဲသည့် နယ်ပယ်များအားလုံးကို အတတ်နိုင်ဆုံးလျှော့ချရမည်ဖြစ်ပြီး သစ်တောသစ်ပင်သုံးစွဲမှုလျှော့ချခြင်းအားဖြင့် တိုင်းပြည်သာယာဝပြောမှုကိုလည်း
တစ်ဖက်တစ်လမ်းမှအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိမ်းလန်းသာယာ သည့်နိုင်ငံတော်အဖြစ်
ကမ္ဘာ့အလယ်တွင်ထာဝရဂုဏ်ယူနိုင်ရေး မိမိတို့အားလုံးအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့်
ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြသည်။
ဆက်လက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊
ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး
(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနားတက်ရောက်
လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊
ဇနီးနှင့်အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်မိသားစုများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား
လှည့်လည်ကြည့်ရှုအားပေးကြသည်။
၂၀၁၁
ခုနှစ်မှ ၂၀၂၂ ခုနှစ် ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည်ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊
နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၇၂၇၄၉ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်
ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများ၏
ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၂၁၅၂ ပင်၊ ပိတောက် ၁၀၇၆ ပင်နှင့်
အရိပ်ရ လေကာပင် မန်ဂျန်ရှား ၁၀၇၆ ပင်၊ စုစုပေါင်း ၄၃၀၄ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊
ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ
ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၇၂၇၄၉ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။
တပ်မတော်တစ်ရပ်လုံးအနေဖြင့်
ယနေ့တွင် စုစုပေါင်းသစ်ပင် ၂၁၆၁ဝ၇ ပင်ကို စုပေါင်းစိုက်ပျိုးပေးနိုင်ခဲ့
အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း
မိုးရာသီသစ်ပင်စိုက်ပွဲများကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊
အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၁၁၄၃၅
ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၈၁၂၈ ပင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၌ ၁၀၄၉၇
ပင်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၌ ၁၃၂၇၇ ပင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌
၁၄၃၀၀ ပင်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၌ ၂၉၆၀၀ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ၁၂၀၉၅
ပင်၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်၌ ၁၂၄၇၄ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၅၁၂၈
ပင်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်၌ ၆၃၅၅ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၇၈၇၄
ပင်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်၌ ၁၀၀၆၅ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၆၆၆၆
ပင်နှင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ၁၃၉၀၉ ပင်တို့ကို တိုင်းမှူးများနှင့်တာဝန်ရှိသူများက
စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင်
၂၁၆၁၀၇ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။




No comments:
Post a Comment