နေပြည်တော် မေ ၁၉
တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)အဖွဲ့မှ ဥက္ကဋ္ဌ ဦးယွက်စစ်ဦးဆောင်သည့် ငြိမ်းချမ်း ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ရောက်ရှိခဲ့ရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်နှင့်တာဝန်ရှိသူများ၊ ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၂) တံတားသို့ ရောက်ရှိလာရာ တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပါတီနိုင်ငံရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကိုလိုလားထောက်ခံကြသည့် ဒေသခံတိုင်းရင်းသားများက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုထောက်ခံပါသည်၊ ထာဝရငြိမ်းချမ်းရေးသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထောက်ခံပါသည်” စသည့် စာသားပါဆိုင်းဘုတ်များကိုင်ဆောင်ကာ တာချီလိတ်မြို့ ပြည်ထောင်စုလမ်းမကြီးမှ လေယာဉ်ကွင်းလမ်းအထိ လှိုက်လှိုက်လှဲလှဲဖြင့်ထောက်ခံကြိုဆိုခဲ့ကြသည်။
ထို့နောက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)အဖွဲ့မှ ဥက္ကဋ္ဌ ဦးယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ကျိုင်းတုံလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် နေပြည်တော်လေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment