Thursday, May 19, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

 


နေပြည်တော် မေ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄) ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။


သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား တာဝန်ရှိသူများက ကိုဗစ်-၁၉  ရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထာပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ယူနေသည့် ကာလအခိုက်အတန့်အတွင်း တိုင်းရင်းသားပြည်သူများ၏ အကျိုးကိုရှေးရှု၍ ပြည်သူလူထု၏ဆန္ဒဖြစ်သော ပါတီစုံဒီမိုကရေစီ စနစ်ကို ခိုင်မာတောင့်တင်းအောင်တည်ဆောက်နိုင်ရန် လက်တွေ့ကျကျ စိတ် စေတနာထားဖော်ဆောင်နေမှုများ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်နှင့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအရသာကို တိုင်းရင်းသားပြည်သူအားလုံးခံစားနိုင်ရန်အတွက် ရိုးသားပွင့်လင်းစွာ ဆွေးနွေးနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ မှုများ၊ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် EAO အဖွဲ့များ တစ်ဖွဲ့ချင်းအလိုက် တိုက် ရိုက်တွေ့ဆုံဆွေးနွေးခြင်းသည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရတောင့်ရခဲအခြေအနေနှင့် အချိန်အခါသာဖြစ်ပြီး အဓိကအဆုံးအဖြတ်ပေးနိုင်သူအချင်းချင်း ရင်းနှီးပွင့်လင်းစွာတွေ့ဆုံနိုင်ရန် လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်သည့် အခြေအနေများ၊ ထိုသို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်အပေါ် လာရောက်ဆွေးနွေးမည့် NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် DKBA ၊ KNU-KNLA/PC၊ PNLO၊ NMSP၊ ALP ၊ RCSS (SSA) ၊  LDU စသည့် အဖွဲ့ ၇ ဖွဲ့နှင့် NCA  လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် UWSA ၊ NDAA နှင့် SSPP (SSA) စသည့် အဖွဲ့ ၃ ဖွဲ့၊ စုစုပေါင်း အဖွဲ့ ၁၀ ဖွဲ့တို့၏ ငြိမ်းချမ်းရေး၊ ပြည်သူလူထုအရေးနှင့် ဒေသအကျိုးအပေါ်ထားရှိသည့် စေတနာတရားကိုအစိုးရနှင့် ငြိမ်းချမ်းရေးကိုလိုလားသည့် ပြည်သူလူထုတစ်ရပ်လုံးက အသိအမှတ်ပြုလေးစားမှုများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာရောက်ကြမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ဦးဆောင်တက်ရောက်ကြမည့်ပုဂ္ဂိုလ်များသည် အဖွဲ့ကိုယ်စား အဆုံးအဖြတ်ပေးနိုင်သူများသာဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုများကို မေ ၂၀ ရက်မှ စတင်ပြုလုပ်သွားမည့် အခြေအနေများ။

PDF အမည်ခံအကြမ်းဖက်သမားများ၏ ရဟန်း၊ သံဃာများအပေါ် ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်နေသည့်အခြေအနေများ၊ သာသနာတော်၏ ရေသောက်မြစ်ကို ဖြတ်တောက်နေခြင်းသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် အကြမ်းဖက်သမားများ၏ ရည်မှန်းချက်ဖြစ်သည့်အပြင် နောက်ကွယ်မှဆက်စပ်နေနိုင်သည့်အကြောင်းအရာ အချက်အလက်များ၊ ၎င်းသည် လူအများစုကိုးကွယ်ရာ ဘာသာတရားကို တိုက်ရိုက်ထိပါးခြင်းဖြစ်သည့်အတွက် အကာအကွယ်ပေးရမည်ဖြစ်ပြီး သံဃာတော်များ အား ခြိမ်းခြောက်၊ နှောင့်ယှက်၊ ကိုယ်ထိလက်ရောက် စော်ကားခြင်းများကို သတင်းပေးတိုင်ကြားပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည့်အခြေအနေများ။

ပညာရေးနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း၊ ၂၀၁၉ ခုနှစ်၊ သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံသားအားလုံး၏ ၃ ပုံ ၁ ပုံခန့်သည် အလယ်တန်းအဆင့်ပညာရေးသာရှိသောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားတိုင်းကို KG+9 (အလယ်တန်းအဆင့်) ပညာပြီးဆုံးသည်အထိ သင်ကြားနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိသည်များ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ အတန်းများ ကျောင်းအပ်နှံရေးရက်သတ္တပတ်ကို မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းအပ်လက်ခံမှုကိုဆောင်ရွက်မည်ဖြစ်ပြီး ဇွန် ၂ ရက်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားသွားမည့်အခြေအနေများ၊ အခမဲ့ပညာရေးစနစ်ဖြစ်သောကြောင့် KG တန်း၊ Grade-1 မှ Grade-11 အထိ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဆရာလမ်းညွှန်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ မူလ တန်းကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ ဖြန့်ဝေဖြည့်ဆည်းပေးမှုများ၊ မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးအတွက် အရည်အသွေးပြည့်ဝ၍ အတွေ့အကြုံရှိသည့် ဆရာ/ဆရာမများ လိုအပ်သောကြောင့် တာဝန်မှကင်းကွာနေသည့် ပညာရေးဝန်ထမ်းများ ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရန် အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်၊ မေ ၁၆ ရက်မှစတင်၍  နိုင်ငံပိုင်ရုပ်မြင်သံကြား မီဒီယာများမှတစ်ဆင့် ပြန်လည်ဖိတ်ခေါ်ထားမှုများနှင့် အခြေခံပညာ ဆရာ/ဆရာမ အသစ်များကိုလည်း ထပ်တိုးခန့်အပ်ခဲ့ပြီးဖြစ်သည့်အခြေအနေများ၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်အသီးသီးကို ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်မှ စတင်ဖွင့် လှစ်ခဲ့မှုနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းတက်ရောက်မှု အခြေအနေ များ၊ ချင်းပြည်နယ်အတွင်း ပညာရေးမြှင့်တင်မှု ဆောင်ရွက်ချက်များ။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေးတည်ငြိမ်ရေးနှင့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်း တည်ငြိမ်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည်များ၊ ငွေကြေးတည်ငြိမ်ရေးအတွက် အဓိကရည်မှန်းချက်ဖြစ်သော ပြည်တွင်းစျေးနှုန်းတည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်းဆောင်ရွက်ရန်ငွေကြေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်များ၊ ဘဏ်လုပ်ငန်းကဏ္ဍအတွင်း ငွေကြေးလုံလောက်မှုရှိရန်နှင့် ငွေကြေးလွယ်ကူမှုကို ပိုမိုထောက်ပံ့နိုင်ရန် ဆောင်ရွက်ထားရှိချက်များ၊ ပြည်တွင်းရွှေဈေးကွက်တွင် ဈေးနှုန်းအဆမတန် မြင့်တက်မှုမရှိစေရေး၊ ကမောက်ကမ မဖြစ်စေရေးနှင့် ဖြစ်သင့်သည့်ဈေးထက် ပိုမိုရောင်းဝယ်မှုမရှိစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်များ၊ စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်များနှင့်ပတ်သက်၍ ပေါ်ပေါက်နေသည့် ကောလာဟလများ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် စည်းကမ်းနည်းလမ်းမကျစွာ ဆောင်ရွက်နေမှုများနှင့် လုပ်ထုံးလုပ်နည်းကို ကျော်လွန်ဆောင်ရွက်နေမှုများကို နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်တည့်မတ်၍ လမ်းမှန်ရောက်အောင် ဆောင်ရွက်လျက်ရှိ သည်များနှင့်ပတ်သက်၍ Video File များ၊ PowerPoint Presentation များဖြင့် ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ နိုင်ငံရေးပါတီများအား စစ်ဆေးခြင်းအပါအဝင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ ကို PowerPoint Presentation များဖြင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းပြောကြားပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ပညာရေး၊ နိုင်ငံရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲများကို ယခုမေလမှစ၍ တစ်လလျှင်နှစ်ကြိမ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြား­မှု အပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment