ရန်ကုန် မေ ၁၇
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး Online သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ထိခိုက်လွယ် အုပ်စုဝင်များဖြစ်သည့်
ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများကို
ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ ဘေးအန္တရာယ်တစ်မျိုးမျိုးကြောင့် အတိဒုက္ခ
ခံစားနေရသူများအား ကယ်ဆယ်ထောက်ပံ့ပေးခြင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ၊
လူကုန်ကူးခံရသူများအား လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့ ပေါင်းစည်းနိုင်ရေးအတွက်
ကူညီထောက်ပံ့ခြင်း စသည့် ဝန်ဆောင်မှုလုပ်ငန်းများအပြင် လူ့အဖွဲ့အစည်းအတွင်း
လူမှုရေးရာပဋိပက္ခ၊ ပြဿနာများကြောင့် ထိခိုက်ခံစားနေရသူများအား စိတ်လူမှုပိုင်းဆိုင်ရာ
နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ သက်ဆိုင်ရာဌာနများသို့ ညွှန်းပို့ချိတ်ဆက်ပေးခြင်း စသည့်
လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲခြင်းလုပ်ငန်းများကို Case Manager များမွေးထုတ်၍
ဆောင်ရွက်လျက်ရှိကြောင်း။
အဆိုပါလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သည့်
ဝန်ထမ်းများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း အရေးအပါဆုံး အခြေခံအချက်များဖြစ်သည့်
အခွင့်အရေး၊ ကျင့်ဝတ်နှင့် တာဝန်များကို ကောင်းမွန်စွာ ဆက်စပ်ယှဉ်တွဲ
နားလည်သဘောပေါက်ရန်လိုကြောင်း၊ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်များကို လိုက်နာအကောင်အထည်ဖော်ရန်
တာဝန်ရှိသည်နှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းတွင် ဆွေးနွေးပို့ချသွားမည့်
အကြောင်းအရာများ၊ အသိပညာ၊ ဗဟုသုတများသည် ဝန်ကြီးဌာနမှ ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်မှု
လက်တွေ့နယ်ပယ်၌ အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ လေ့လာမှတ်သားအသုံးချပြီး
နိုင်ငံတော်ကို အကျိုးပြုနိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုတိုက်တွန်း
ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ
ဦးလှမြင့်က လူ့အခွင့်အရေးနယ်ပယ်မှ အရေးကြီးသည့် အုပ်စုလိုက်အခွင့်အရေးများကို
နိုင်ငံတော်အဆင့်တွင် အဓိက တာဝန်ယူဆောင်ရွက်နေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို ဦးစားပေး၍ သင်တန်းပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊
ယင်းကဲ့သို့ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးခြင်းသည် ကရုဏာတရားရှိသော
လူအဖွဲ့အစည်းဖြစ်သည်ကို ထင်ရှားစေသည့် ပြယုဂ်ဖြစ်ပါကြောင်း၊ ကမ္ဘာ့မျက်မှောက်ရေးရာများတွင်
လူ့အခွင့်အရေး၏ အခန်းကဏ္ဍကိုသိရှိပြီး နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့်
နိုင်ငံတကာအဆင့်များ၌ ဖြစ်ပေါ်တိုးတက်မှုများကို မှန်မှန်ကန်ကန် ချင့်ချိန်သုံးသပ်၍
လေ့လာမှုများ ပြုလုပ်သွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး Online သင်တန်းတွင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာထမ်း စုစုပေါင်း
(၃၀) တက်ရောက်ကြပြီး သင်တန်းကာလမှာ (၃)ရက်ကြာမြင့်မည်ဖြစ်သည်။ လူ့အခွင့်အရေးဆိုင်ရာ
ဘာသာရပ်များအနက် လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး
ကြေညာစာတမ်း၊ အုပ်စုလိုက်အခွင့်အရေးများ၊ အဓိက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်ကြီး
(၉)ခုနှင့် မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးထားသော
စာချုပ်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ စသည့် ဘာသာရပ်
(၆)ခုကို ပို့ချ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment