နေပြည်တော် မေ ၁၇
ပဲခူးရိုးမအရှေ့ခြမ်းရှိ ဆည်ရေလှောင်တမံများနှင့် စစ်တောင်းမြစ်အကြားရှိ စိုက်ပျိုးမြေများအားလုံး စွမ်းအားပြည့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ အလားအလာရှိသော စိုက်ပျိုးမြေများ စိုက်ပျိုးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် မြစ်ရေတင်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် သဖန်းပင်မြစ် ရေတင်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရေရရှိမှုအပေါ်မူတည်၍
နွေစပါးဧရိယာ၊ နေကြာနှင့် ဆီထွက်သီးနှံဧရိယာ၊ ရေအနည်းလို ဝင်ငွေရသီးနှံဧရိယာ
စသည်ဖြင့် သီးနှံအလိုက် ဧရိယာများ သတ်သတ်မှတ်မှတ် ဆောင်ရွက်ပြီး ထိရောက်သော
စိုက်ပျိုးထုတ်လုပ်မှုစနစ် ဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနများအချင်းချင်း
ပူးပေါင်း၍ သီးနှံပုံစံရေးဆွဲချမှတ်ပေးရန်၊ မြေဆီလွှာဖွံ့ဖြိုးရေးအတွက် သစ်စိမ်းမြေဩဇာ
အသုံးပြုရေးနှင့် သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာများ အကျိုးရှိထိရောက်စွာသုံးစွဲရေး၊
နည်းပညာ အသိပညာ ပြန့်ပွားရေး တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များကို
ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လတွင်
မိုးစပါးစိုက်ပျိုးကြမည့် လယ်မြေများ၌ သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုနိုင်ရန် ပိုက်ဆံလျှော်မျိုးစေ့များကို
ပေးအပ်ရာ ဒေသခံတောင်သူများက လက်ခံရယူကြသည်။ ထို့နောက် သဖန်းပင် မြစ်ရေတင်လုပ်ငန်းအတွက်
နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် တပ်ဆင်မည့်နေရာကို ကြည့်ရှုစစ်ဆေးသည်။
ပဲခူးခရိုင်၌ မြစ်ရေတင် (၃)ခု၊ တောင်ငူခရိုင်၌ မြစ်ရေတင်
(၈)ခု၊ ပြည်ခရိုင်၌ မြစ်ရေတင် (၁၁)ခု ရှိသဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း မြစ်ရေတင်လုပ်ငန်း
(၂၂)ခုမှ စုစုပေါင်း စိုက်ပျိုးမြေဧက (၅၇၀၀)ကျော်ကို အကျိုးပြုလျက်ရှိပြီး
ဘဏ္ဍာနှစ်အလိုက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် ပြောင်းလဲတပ်ဆင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊
စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ မြစ်ရေတင်လုပ်ငန်းဆောင်ရွက်ရန် အလားအလာရှိသော
ထုံဘို၊ ပဲပုတ်၊ ပျဉ်းမပင်၊ အောက်တင်းကုတ်၊ ဒိုးစိမ့်၊ နတ်သံကွင်း စသည့်
ကျေးရွာ(၆)ခုတွင် ရေတင်စီမံကိန်း ဆောင်ရွက်ပြီးစီးပါက စိုက်ပျိုးမြေဧက (၈၃၀၀)ကျော်
တိုးတက်စိုက်ပျိုး နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ်
မြို့ချောင်းကျေးရွာအနီးရှိ ရဲနွယ်ရေလှောင်တမံသို့ ရောက်ရှိကြပြီး
တမံကြံ့ခိုင်ရေးအတွက် ကျောက်သားအားဖြည့် တမံပိုးခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေး၍
လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ရဲနွယ်ရေလှောင်တမံသည် နှစ်စဉ်ပျမ်းမျှစီးဝင်ရေ
ဧက(၈၆၁၀၀၀)ရှိပြီး ရေအားလျှပ်စစ် (၂၅) မဂ္ဂါဝပ်မှ နှစ်စဉ် လျှပ်စစ်ကီလိုဝပ်နာရီ (၁၂၃)သန်း
ထုတ်လုပ်ပေးလျက်ရှိကာ လက်ရှိတွင် စိစစ်ပြီးစိုက်ပျိုးမြေဧက (၅၀၀၀)ကို
ရေပေးဝေလျက်ရှိသည်။ ရေသောက်စနစ်များ အားလုံးပြီးစီးပါက စိုက်ပျိုးမြေဧက (၆၂၀၀၀)ကို
အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒိုက်ဦးနယ်မြေ
ဝက်မွေးမြူရေးလုပ်ငန်း တာဝန်ရှိသူများကို တွေ့ဆုံ၍ နိုင်ငံတော်အနေဖြင့်
ပုဂ္ဂလိကမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးကို အားပေးလျက်ရှိကြောင်း၊
ပုဂ္ဂလိကလုပ်ငန်းရှင်များ ဥပဒေနှင့်အညီ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊
မြေယာများ စနစ်တကျ အသုံးပြုနိုင်ရေး၊ စားသုံးသူများ ဘေးဥပါဒ်ကင်းရှင်းပြီး ဈေးကွက်
စံချိန်စံညွှန်း အရည်အသွေးပြည့်မီသော အသားများ ထုတ်လုပ်နိုင်ရေးတို့အတွက် မိမိတို့ဌာနဆိုင်ရာ
တာဝန်ရှိသူများအနေဖြင့် နည်းပညာနှင့် အကူအညီများ ပံ့ပိုးပေးနိုင်ရေး
ကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
သတင်းစဉ်
No comments:
Post a Comment