နေပြည်တော် မေ ၄
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV Media Worldwide Mobile Satellite Data Application Service MRTV App & Web စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်းများက “MRTV နှင့် ကောင်းသောနေ့” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက MRTV Mobile Application မှတ်တမ်း Video clip ကို ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အစိုးရ တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်တာဝန်ယူဆောင်ရွက်ခဲ့ပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အခြေခံမူများဖြစ်သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်ကို ချမှတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးနှင့် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက် ဖြစ်ထွန်းစေရန် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်နေကြောင်း။
ထို့အပြင် ယခုနှစ်သည် စိန်ရတုလွတ်လပ်ရေးနေ့၏ အကြိုနှစ်ဖြစ်ခြင်းကြောင့် ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ပြီး(၇၅)နှစ်ကာလကြာပြီဖြစ်သည့် လွတ်လပ်ရေး၏ အနှစ်သာရ အသီးအပွင့်များ၊ ဒီမိုကရေစီအုပ်ချုပ်ရေး၏ အနှစ်သာရများ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အရသာများကို တိုင်းရင်းသား ပြည်သူ ညီအစ်ကိုမောင်နှမများ အပြည့်အဝမခံစားရသေးခြင်းကြောင့် အပြည့်အဝရရှိခံစားနိုင်စေရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်နေသည် ထည့်သွင်းပြောကြားလိုပါကြောင်း။
မီဒီယာကဏ္ဍအနေဖြင့်လည်း ပြည်သူများအတွက် ဒီမိုကရေစီနှင့် ပတ်သက်သည့် အသိပညာ၊ အတွေးအခေါ် များရရှိစေရန်နှင့် လူငယ်လူရွယ်များအားလုံး ပညာရေးလမ်းကြောင်းပေါ်တွင် ကောင်းမွန်စွာ ရပ်တည်နိုင်ရန်၊ ခေတ်ပညာတတ် လူငယ်များဖြစ်စေရေး ပံ့ပိုးပေးရန်၊ စေ့ဆော် တိုက်တွန်းပေးရန် လိုအပ်သလို ကျင့်ဝတ် သိက္ခာစောင့်ထိန်းပြီး နိုင်ငံတော်နှင့် ပြည်သူအကျိုးကို ဦးထိပ်ထားကာ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ပေးရန် လိုအပ်သည်ကိုလည်း ပြောကြားထားပြီးဖြစ်ကြောင်း။
သတင်းအချက်အလက်နည်းပညာ တိုးတက်နေသည့် ယခုလိုအချိန်တွင် သတင်းမီဒီယာများ၏ သက်ရောက်မှု သည် အလွန်ထိရောက်မှုရှိသည့်အတွက် နိုင်ငံကြီးအချို့၏ မဟာဗျူဟာများမှာ နိုင်ငံငယ်များ၏ မီဒီယာများကို နည်းလမ်းမျိုးစုံဖြင့် ချုပ်ကိုင်လွှမ်းမိုးနိုင်မည့် အစီအမံများ ပါဝင်နေသည့်အတွက် မိမိတို့အားလုံး ဉာဏ်အမြော်အမြင်များ၊ အသိတရားများဖြင့် လုပ်ဆောင်ကြရမည့် အချိန်အခါပင်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်မှု၊ ကောင်းမွန်သည့်အုပ်ချုပ်မှုစနစ်နှင့် ဖွံ့ဖြိုး တိုးတက်မှုတို့သည် မရှိမဖြစ် ရှိနေရမည်ဖြစ်ပါကြောင်း၊ ထိုသို့ရှိရန်အတွက် သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည်ဟု ယူဆမိပါကြောင်း။
သို့သော် တစ်ခါတစ်ရံတွင် နိုင်ငံရေး၊ စီးပွားရေးအင်အားကြီးသည့် အုပ်စုများက မီဒီယာများကို လွှမ်းမိုး ခြယ်လှယ်ကြသည့်အခါ ပြည်သူလူထု၏ သဘောထားခံစားချက်များ၊ နစ်နာချက်များသည် ဖော်ထုတ်နိုင်မှု လုံးဝမရှိတော့ဘဲ လျစ်လျူရှုခံရသည့် အခြေအနေကို ရောက်မှန်းမသိရောက်ခဲ့ရပါကြောင်း၊ အဆိုးဆုံးမှာ ပဋိပက္ခများ၊ သဘောထားကွဲပြားမှုများကို ပြေလျော့သွားအောင် လုပ်ရမည့်အစား မီးလောင် ရာလေပင့် တိုက်သကဲ့သို့ ပိုမိုအားကောင်းလာအောင် လုပ်ပေးနေကြပါကြောင်း၊ ထိုသို့အခြေအနေမျိုးကို ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများအပြားတွေ့မြင်နေကြရပါကြောင်း။
ယနေ့ အခြေအနေသည် မိမိတို့၏ လူ့အဖွဲ့အစည်းအားလုံးကို မီဒီယာက နည်းမျိုးစုံဖြင့် လွှမ်းမိုးထားချိန် ဖြစ်သည့်အတွက် မိမိတို့၏ မီဒီယာလုပ်ငန်းအားလုံးကို စွမ်းအားပြည့်အောင်၊ စွမ်းရည်မြင့်မားအောင် ဆောင်ရွက်ပေးရန် လိုအပ်နေပြီဟု တိုက်တွန်းပြောကြားလိုပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့်လည်း ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်ရေဒီယို (Rangoon Radio) အမည်မှ ဗမာအသံ(Burma Broadcasting Service- BBS) အမည်ပြောင်းလဲသတ်မှတ်ခဲ့သည့် “ဗမာအသံနေ့” ကို မူတည်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(Myanma Radio and Television-MRTV) အမည်သို့ ပြောင်းလဲလာခဲ့မှုနှင့်အတူ ခေတ်အဆက်ဆက်တွင် သတင်း အချက်အလက်ပြန်ကြားပေးခြင်း၊ အသိပညာမျှဝေပေးခြင်း၊ ဖျော်ဖြေပေးခြင်းဆိုသည့် ရည်မှန်းချက်(၃)ရပ် ချမှတ်ပြီး လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ယနေ့အချိန်အခါမှာလည်း ပြောင်းလဲတိုးတက်နေသည့် နည်းပညာ၊ အတတ်ပညာများနှင့်အညီ သတင်းနှင့် အစီအစဉ်များ အရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် ပြည်သူလူထုကို မီဒီယာဖြင့် အကျိုးပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ နုပျိုသစ်လွင်ပြီး လန်းဆန်းတက်ကြွသည့် တင်ဆက်မှုပုံစံကိုလည်း ပြောင်းလဲ ဆောင်ရွက်နေသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ်မှ စတင်ပြီး မိုဘိုင်းဖုန်းများအသုံးပြုမှု များပြားလာသည် နှင့်အတူ အင်တာနက်အသုံးပြုပြီး သတင်းရယူမှုပုံစံလည်း လျင်မြန်စွာ တိုးတက် ပြောင်းလဲလာခြင်းကြောင့် Social Media Platform များအသုံးပြုပြီး သတင်းမီဒီယာ ဖြန့်ချိခြင်းသည်လည်း လွန်စွာအရေးပါလာသည်ကို တွေ့မြင်ကြမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် MRTV အနေဖြင့် ၂၀၁၃ ခုနှစ်ကစပြီး MRTV Application ကို အသုံးပြုနိုင်ရေး ဆောင်ရွက်ခဲ့ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် Android Application အဖြစ်သာ ယာယီ အသုံးပြုနိုင်ခဲ့ပြီး ကမ္ဘာ တစ်ဝန်းကို ထုတ်လွှင့်နိုင်ခြင်းမရှိခဲ့သည်ကို သိရှိရပါကြောင်း၊ အခုအခါတွင် HD ရုပ်သံလိုင်းများနည်းတူ ဆက်သွယ်ရေးနည်းပညာများ အသုံးပြုပြီး MRTV Media Application ကို ဆောင်ရွက်ထားခြင်း ဖြစ်သည့်အတွက် Android နှင့် iOS ဖုန်းများပေါ်တွင် ကြည့်ရှုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် Laptop, Desktop, iPad, Note Pad အားလုံးတွင်လည်း ကြည့်ရှုနိုင်မည်ဖြစ်သကဲ့သို့ Website တွင်လည်း MRTV ၏အစီအစဉ်များကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ပါကြောင်း။
MRTV App ကို ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာရှိသည့် Mobile ဝန်ဆောင်မှုပေးနေသော နိုင်ငံတကာဂြိုဟ်တု (၄) လုံးကို ငှားရမ်းအသုံးပြုပြီး ထုတ်လွှင့်ပေးခြင်းဖြစ်သည့်အတွက် ပြည်ပနိုင်ငံများတွင်ရှိနေသည့် မြန်မာ သံရုံး(၄၆)ရုံးက ကြည့်ရှုနိုင်ပြီဖြစ်သကဲ့သို့ နိုင်ငံပေါင်း(၁၈၁)နိုင်ငံမှ ကြည့်ရှုနိုင်ရန်လည်း စီစဉ်ဆောင်ရွက် နေသည်ဟု သိရပါကြောင်း။
ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာဘာသာနှင့်သာမကဘဲ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ ဂျာမဏီစသည့် နိုင်ငံတကာ ဘာသာစကား(၅) မျိုးဖြင့် ထုတ်လွှင့်ပေးမည်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များ၊ နိုင်ငံတော်၏ ပကတိအခြေအနေမှန်များကို တိုင်းရင်းသားပြည်သူများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတကာကိုလည်း ပိုမိုကျယ်ပြန့်စွာ ရောက်ရှိပျံ့နှံ့ သွားမည်ဖြစ်ပါကြောင်း။
ထိုသို့ ဆောင်ရွက်နိုင်မှုကြောင့် MRTV အနေဖြင့် ခေတ်အဆက်ဆက်တွင် တာဝန်ကျေပွန်ခဲ့သကဲ့သို့ ပြောင်းလဲ တိုးတက်နေသည့် ပညာရပ်များနှင့်အညီ ပြုပြင်ပြောင်းလဲ လိုက်ပါဆောင်ရွက်နိုင်သောကြောင့် သမိုင်းမှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံတော်အစိုးရ တာဝန်အရပ်ရပ်ကို ဆောင်ရွက်နေချိန်ကာလအတွင်း၌ ထူးခြားတိုးတက်ကောင်းမွန်ပြီး သိသာထင်ရှားသည့် အောင်မြင်မှုရလဒ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြစ်သည်ဟု ပြောကြားလိုပါကြောင်း။
မီဒီယာများအနေဖြင့်လည်း ကျင့်ဝတ်သိက္ခာနှင့်အညီ ပြည်သူလူထုကို သတင်းအချက်အလက်များ မှန်မှန် ကန်ကန်ရရှိအောင် ဆောင်ရွက်ပေးကြခြင်းဖြင့် ပြည်သူ့အကျိုးပြုမီဒီယာများဖြစ်အောင် ရပ်တည် ဆောင်ရွက် ပေးကြရန် အသိပေးတိုက်တွန်းလိုပါကြောင်း၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး အနေဖြင့်လည်း မြန်မာနှစ်ဆန်းအခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အကျိုးကို လက်တွဲဆောင်ရွက်ခြင်းဖြင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာပါစေကြောင်း ဆန္ဒပြုဆုမွန်ကောင်း တောင်းလိုက်ပါကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က MRTV App & Web ဆောင်ရွက်မှုအပါအဝင် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV Media Worldwide Mobile Satellite Data Application Service အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံ MRTV Media Application ဖွင့်လှစ်ခြင်းအထိမ်းအမှတ် အမှတ်တရလက်ဆောင်ကို ပေးအပ်သည်။
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများက “ရှင်သန်နေမည် MRTV” တေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် MRTV Media Worldwide Mobile Satellite Data Application Service MRTV App & Web အသုံးပြုမှုကို ကြည့်ရှုခဲ့ကြသည်။
MRTV Media Application မှတဆင့် Breaking News၊ BusinessNews၊ Community News၊ Daily News စသည့်သတင်းကဏ္ဍများအပြင် Documentary၊ Education၊ Entertainment Farming၊ Myanmar Culture၊ Sports စသည့် ရုပ်သံမှတ်တမ်းနှင့် ဖျော်ဖြေရေးအစီအစဉ်များပါဝင်သည့် Sector (၁၁)ခုဖြင့် ဖွဲ့စည်းထားသည့်အပြင် MRTV HD Channel ကိုလည်း Live Stream ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ MRTV App ကို လက်ကိုင်ဖုန်းများအပြင် Laptop၊ Desktop၊ ipad၊ Note Pad များတွင် ကြည့်ရှုနိုင်မည်ဖြစ်သကဲ့သို့ www.mrtvmedia.com တွင်လည်း MRTV ၏ အစီအစဉ်များကို အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment