မီးဘေးကာကွယ်ရေးအတွက် တပ်ဖွဲ့အသွင် ဖွဲ့စည်းဆောင်ရွက်မှုသည် ပုဂံခေတ် အနော်ရထာမင်း လက်ထက်ကပင် ရှိခဲ့သည်ဟုဆိုသည်။ မီးလောင်ကျွမ်းသည့်အခါ နိုင်ငံ၏အရင်းအမြစ်များ ဆုံးရှုံးရသည့်အပြင် ပြန်လည်ထူထောင်ရေးအတွက် ငွေအား၊ လူအား၊ ပစ္စည်းအားတို့ စိုက်ထုတ်သုံးစွဲရသည့် အတွက် မီးဘေးကာကွယ်ရေးကို ရှေးမြန်မာမင်းအဆက်ဆက်တို့ အလေးအနက်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ဖွယ်ရှိသည်။ ကိုလိုနီနိုင်ငံဘဝသို့ ကျရောက်ခဲ့ရချိန်တွင်မူ မီးဘေးကာကွယ်ရေးကို စီးပွားရေးအချက်အချာ မြို့များမှလွဲလျှင် မြန်မာလူငယ် အပျော်တမ်း မီးသတ်အဖွဲ့အစည်းများက ဒေသအလိုက် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မီးသတ်အစည်းအရုံးများကို စုစည်းရန် ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ဗမာနိုင်ငံလုံး ဆိုင်ရာ မီးသတ်အစည်းအရုံးညီလာခံ ကျင်းပခဲ့ရာခရိုင်ပေါင်း ၁၉ ခရိုင်မှ ကိုယ်စားလှယ်ပေါင်း ၁၉၇ ဦးတို့ တက်ရောက်ခဲ့ကြပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကလမ်းညွှန်ဩဝါဒ မိန့်ကြားခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်ညီလာခံ ကျင်းပခဲ့သည့် မေလ ၅ ရက်နေ့ကိုလည်း မီးသတ် တပ်ဖွဲ့နေ့အဖြစ် နှစ်စဉ်ကျင်းပခဲ့သည်။ ယခုနှစ်တွင် မီးသတ်တပ်ဖွဲ့နေ့သည် စိန်ရတုလွန်၍ (၇၆) နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
မျက်မှောက်ကာလတွင် မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်မှ ကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်အပါအဝင် အခြားဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ကူညီ ဆောင်ရွက်ရန်ဟူသော အဓိကတာဝန်လေးရပ်ကို ချမှတ် ဆောင်ရွက်လျက်ရှိရာ မီးသတ်တပ်ဖွဲ့ဝင်များကို မီးငြှိမ်းသတ်သည့် လုပ်ငန်းများတွင်သာမက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင်ပါ တွေ့မြင်ကြရမည် ဖြစ်သည်။ ၁၉၄၇ ခုနှစ်၊ ဇွန်လ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက “မီးသတ်လုပ်ငန်းဟာ မြန်မြန်ထက်ထက်နဲ့ ရဲရဲဝံ့ဝံ့လုပ်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် သူရဲကောင်းများရဲ့ လုပ်ငန်းတစ်ရပ်လို့ ယူဆတယ်။ သူများကောင်းကျိုးအတွက် ကူညီဆောင်ရွက်တဲ့ စေတနာ့ဝန်ထမ်း လုပ်ငန်းတွေမှာ ဒီလိုသူရဲကောင်းစိတ်တွေမွေးပြီး ကူညီ ဝိုင်းဝန်းဖို့ လုပ်ဆောင်ရမယ်။ မီးသတ်သမားတွေကို မီးမလောင်ခင်က ကိရိယာတန်ဆာပလာ အပြည့်အစုံရှိဖို့နဲ့ မီးလောင်ရင် အမြန်ဆုံးသွားရောက် ငြှိမ်းသတ်နိုင်ဖို့ ပညာတွေ သင်ကြားပေးရမယ်” ဟူ၍ ပြောကြားခဲ့ရာ မီးသတ်နှင့် ရှာဖွေကယ်ဆယ်ရေးဟူသည် သူရဲကောင်း စိတ်ဓာတ်ဖြင့် ဆောင်ရွက်ရသည့် စေတနာ့ဝန်ထမ်းလုပ်ငန်းများဟူ၍ ဂုဏ်ယူဖွယ် ရာပင်ဖြစ်သည်။
ယမန်နှစ်က မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မီးလောင်မှု ၂၁၀၇ ကြိမ် ဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးကျပ် ၃၃ ဘီလီယံဖိုး ရှိပြီး လူ ၁၀၅ ဦး သေဆုံးကာ ၁၅၁ ဦး ဒဏ်ရာရခဲ့သည်။ မီးသည်လောင်မှ ငြှိမ်းသတ်သည်ထက် မလောင်ခင်ကပင် ကြိုတင်ကာကွယ်တားဆီးနိုင်ရန် အရေးကြီးသည်။ မီးဘေးကာကွယ်ရေးအတွက် မီးမပေါ့ဆရေး၊ မီးဘေးအန္တရာယ်သတိမူရေးတို့တွင် ပြည်သူလူထုက အသိ၊ သတိမြင့်မားစွာဖြင့် ဆောင်ရွက် ကြသည်နှင့်အမျှ မီးလောင်ကျွမ်းမှုတို့ လျော့နည်း ကျဆင်းလာမည်ဟု ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်း, အယ်ဒီတာ့အာဘော်
No comments:
Post a Comment