Monday, May 16, 2022

အခြေခံပညာအထက်တန်းဆင့်(Grade -11)သင်ရိုးသစ်ပြည်နယ်အဆင့် သင်တန်းဖွင့်

 

တောင်ကြီး မေ ၁၆

၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) (Grade-11)သင်ရိုးသစ်ပြည်နယ်အဆင့် ဘာသာရပ် ဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။




ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ KG ကို စတင်ပြောင်းလဲပြီး ၂၀၁၇-၂၀၁၈မှာGrade-1 ၂၀၁၈-၂၀၁၉မှာ Grade2 ၂၀၁၉-၂၀၂၂မှာ Grade 3 နှင့် လယ်ဆင့် Grade6 အသီးသီး သင်ရိုးသစ်သင်တန်းတွေကို ကျင်းပပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၀-၂၀၂၁ မှာGrade 4 Grade 7နှင့်Grade 10 တို့ကို (TOT) သင်တန်းများဖြင့် သင်ရိုးသစ်ပြောင်းလဲခြင်းကို ကျင်းပပေးနိုင်ခဲ့ပြီး Covid ရောဂါကြောင့် ကျောင်းများမဖွင့်လှစ်နိုင်ခဲ့သော်လည်း ပညာရေးပြုပြင်ပြောင်းလဲမှု ရပ်တန့်ခဲ့ခြင်း မရှိပါကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ Grade 5၊ Grade 8၊ Grade 11 တို့ကို သင်ရိုးသစ်သင်တန်းများ ပို့ချပေးသည့်အဆင့်ကို ရောက်လာပြီဖြစ်ကြောင်း၊ ယခုဖွင့်လှစ်မည့် Grade 11 သင်ရိုးသစ်သင်တန်းသည် အခြေခံပညာတွင် အထက်တန်းဆင့်ဖြစ်သည့်အတွက်ပိုပြီး အရေးကြီးလာပြီး ပိုပြီး လေ့လာသင်ယူကြရမှာဖြစ်ကြောင်း၊ ဆရာ၊ ဆရာမဘဝတွင် စာကိုလည်းသင်၊ လူလည်းပြင် ဆိုသည့် ဆောင်ပုဒ်အတိုင်း တပည့်လေးများ၏ တစ်ဦးချင်းစီစိတ်နေစိတ်ထားကို ပြုပြင်ပေးရန်လိုပါကြောင်း၊ လူလိမ္မာလေးများဖြစ်အောင် ပြုစုပျိုးထောင်ပေးမှသာ နိုင်ငံ၏အနာဂါတ်တွင် အားကိုးအားထားရမည့် လူငယ်များပေါ်ပေါက်လာမှာဖြစ်ကြောင်း အမြင်ကျယ်တက်ကြွပြီးလိမ္မာရေးခြားရှိသည့် တပည့်လေးများကို ထက်မြက်ကြိုးစားနိုးကြားသည့် ဆရာ၊ဆရာမများက သင်ကြားပေးခြင်းဖြင့်ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်လာမည့်မှာ ဧကန်မုချဖြစ်ကြောင်း ပြောကြားသည်။

 ဆက်လက်၍(Grade-11)သင်ရိုးသစ် ပြည်နယ်အဆင့် သာသာရပ်ဆွေးနွေးပွဲအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းကပေးအပ်ရာ ပြည်နယ်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်လွင်မှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဆရာ၊ ဆရာမ(၂၃၄)ဦး တက်ရောက်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(မောင်မောင်သန်း)

No comments:

Post a Comment