Friday, May 6, 2022

e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ပြည်တွင်းနည်းပညာ အကြံပေးအဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

 




နေပြည်တော် မေ ၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ပြည်တွင်းနည်းပညာအကြံပေးအဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲ က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က e-Government စနစ်၏ အခြေခံအကျဆုံး ဖြစ်သည့် e-ID စနစ်လုပ်ငန်းကို မိမိတို့ဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းစနစ်လုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ဝန်ကြီးဌာန၊ အဖွဲ့အစည်းအားလုံးမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ e-ID စနစ်လုပ်ငန်းအား ပြီးခဲ့သည့် ဧပြီ ၁ ရက်မှ စတင်ဆောင်ရွက်သည် ဆိုသော်လည်း ယခင်ကတည်းက အောက်ခြေအဆင့်လုပ်ငန်းများကို အဆင်ဆင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ e-ID စနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဦးစီးဌာနဖွဲ့စည်းမှုနှင့် လိုအပ်သောဝန်ထမ်းများ ခန့်အပ်တာဝန်ပေးမှုတို့ကို ဆောင်ရွက်ပြီး အဆောက်အဦ ဆောက်လုပ်နိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းဆိုင်ရာ လိုအပ်သည့် အဖွဲ့များ ဖွဲ့စည်း၍ ညှိနှိုင်း ဆွေးနွေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  e-ID စနစ်ကို Unit-ID ကောက်ယူခြင်းနှင့် National ID ဆောင်ရွက်ခြင်းဆိုသည့် အပိုင်း(၂) ပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ Unit–ID ကောက်ယူရာတွင် ယခုကာလအတွင်း နယ်မြေလုံခြုံရေး အခြေအနေ၊ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များအပေါ် မူတည်၍ မြို့နယ်(၈၁)မြို့နယ်ကို ရွေးချယ်ဆောင်ရွက်ရန် စီစဉ်ထားပါကြောင်း။

လက်ရှိအခြေအနေတွင် မိမိတို့ဌာနမှ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ နိုင်ငံသား ကတ်ထုတ်ပေးသည့် မှတ်ပုံတင်စာရင်း (နိုင်-၄) မှတ်တမ်းများကို ကွန်ပျူတာ များဖြင့် Excel Format ရိုက်သွင်းကာ နေပြည်တော် ရုံးချုပ်သို့ ပေးပို့ဆောင်ရွက်လျက်ရှိပြီး နေပြည်တော် ရုံးချုပ်မှ Software ပြောင်းလဲကာ Server တွင် သိမ်းဆည်းသည့် လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ အနေဖြင့် ယခုပြည်တွင်းနည်းပညာ အကြံပေးအဖွဲ့ဝင်များက e-ID စနစ်၏ ဒီဇိုင်းပုံစံ၊ Biometric Data (၃) မျိုးကောက်ယူရာတွင် ဆောင်ရွက်မည့်ပုံစံနှင့် လိုအပ်မည့် Enrollment Kit တွင် ပါရှိရမည့် ပစ္စည်းကိရိယာများ၊ လုပ်ငန်းဆိုင်ရာ နိုင်ငံခြားသားပညာရှင် ငှားရမ်းနိုင်မည့် အခြေအနေ၊ IT ဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များကို အကြံပြုဆွေးနွေးပေးကြ စေလိုပါကြောင်း၊ လက်ရှိ နိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း e-ID စနစ်နှင့် ပတ်သက်၍ ခြေလှမ်း တစ်လှမ်း၊ နှစ်လှမ်း စသည်ဖြင့် လှမ်းနိုင်သမျှ၊ ပြီးစီးနိုင်သမျှ ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက ပြည်တွင်း နည်းပညာ အကြံပေးအဖွဲ့၊ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးမှ အဖွဲ့ဝင်များ၏ အကြံပြုဆွေးနွေးချက်များကို ရှင်းလင်းတင်ပြပြီး ပြည်တွင်းနည်းပညာ အကြံပေးအဖွဲ့ အဖွဲ့ဝင်များက e-ID စနစ်လုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတကာ၌ ဆောင်ရွက်နေသည့် နည်းပညာဒီဇိုင်းပုံစံများနှင့် အားနည်းချက်၊ အားသားချက်များ၊ မိမိနိုင်ငံ အတွက် ဆောင်ရွက်သင့်သည့် ဒီဇိုင်းပုံစံ၊ နည်းပညာလုံခြုံရေးဆိုင်ရာ လိုအပ်ချက်များ၊ နယ်ပယ်အသီးသီးသို့ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဆောင်ရွက်ရန်နည်းလမ်းများနှင့် အသုံးပြုမည့် ပစ္စည်းကိရိယာ ရွေးချယ်အသုံး ပြုနိုင်ရေး အခြေအနေများ၊ e-ID စနစ် လုပ်ငန်း အကောင်အထည်ဖော်ရာတွင် လုပ်နည်းလုပ်ဟန်နှင့် အချိန် ကာလသတ်မှတ်ချက်၊ နည်းပညာ ဆိုင်ရာ နိုင်ငံခြားသားအကြံပေးနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment