ရန်ကုန် မေ ၆
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်များနှင့် ဒီဂရီကောလိပ်၊ ကောလိပ်(၄၉)ခုတို့တွင် နည်းပြနှင့်သရုပ်ပြ ဆရာ၊ ဆရာမ တာဝန် ထမ်းဆောင်ကြမည့် (၁၄၇၉) ဦးအား ယနေ့နံက်ပိုင်းက သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် များတွင် အခမ်းအနားများဖြင့် စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်တက္ကသိုလ်အပါအဝင် အခြားသော တက္ကသိုလ်တို့၌ နည်းပြနှင့် သရုပ်ပြ ဆရာ၊ ဆရာမအသစ်များအား ကြိုဆိုသော အခမ်းအနားများကို ကျင်းပကြရာ ဒဂုံမြို့သစ်မြို့နယ်၊ ဒဂုံတက္ကသိုလ်၌ ယနေ့နံနက်ပိုင်းတွင် နည်းပြနှင့် သရုပ်ပြ ဆရာ၊ ဆရာမအသစ်(၃၄)ဦးကို ပါမောက္ခချုပ်နှင့် သင်ကြားရေး၊ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
ရှေးဦးစွာ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဦးသာထွန်းမောင်က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြား ရာတွင် မိမိတို့ရွေးချယ်ထားသော ဘာသာရပ်ဆိုင်ရာများကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်ပြီး သင်ကြားရေးနှင့် သုတေသနသည် ဟန်ချက်ညီရန် လိုအပ်၍ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဟူသောဆောင်ပုဒ်နှင့်အညီ စံနမူပြသင်ကြားပေးသူများအဖြစ် ကြိုးပမ်းကြစေလိုပါကြောင်း၊ စာပေသင်ကြားမှုတစ်ခုတည်း မဟုတ်ဘဲ လူ့အဖွဲ့ အစည်းအတွက် စံပြုထိုက်သူများ ဖြစ်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်သော ဆရာကောင်း ဆရာမကောင်းများဖြစ်ကြပါစေဟု ဆုမွန်ချွေလျက် လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ပြောကြား သည်။
ထို့နောက် ဒဂုံတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေး ပိုင်းမှ ပါမောက္ခဌာနမှူး များက တာဝန်ထမ်းဆောင်ကြမည့် နည်းပြနှင့် သရုပ်ပြဆရာ (၃)ဦးနှင့် ဆရာမ (၃၁)ဦးတို့ကို ကြိုဆိုမိတ်ဆက် စကားများ ပြောကြားကြသည်။
ဒဂုံတက္ကသိုလ်ကို မေ(၂)ရက်မှစ၍ ဘာသာရပ်(၂၀)တွင် တက်ရောက်သင်ကြားကြမည့် ပထမနှစ်မှ တတိယ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို လက်ခံဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆက်လက်၍ Master တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment