Monday, May 2, 2022

သဘာဝဘေးဒဏ် လေဘေးဖြစ်ပွားမှုကြောင့် ယိုယွင်းပျက်စီးသွားသော ဥတ္တရာရုံ ဘုန်းတော်ကြီးကျောင်းတိုက်နှင့် ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်များအား ထောက်ပံ့ငွေများပေးအပ်



 လင်းခေး မေ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် လင်းခေးမြို့နယ် ဝမ်စလောင်းကျေးရွာအုပ်စုတွင် ဧပြီ ၂၉ ရက်နေ့က သဘာဝဘေးဒဏ်လေဘေးဖြစ်ပွားမှုကြောင့် ယိုယွင်းပျက်စီးသွားသော ဥတ္တရာရုံ ဘုန်းတော်ကြီးကျောင်းတိုက် အမိုးသွပ်များလန်ခြင်းနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သောကြောင့်  ဧပြီ ၃၀ ရက်ညနေပိုင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှု၍ ထောက်ပံ့ငွေကျပ် (၁၀) သိန်း၊ ဿာသနိက အဆောက်အဦးပြင်ဆင်ရန် ငွေကျပ် (၃) သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် တိုင်းမှူး ဗိုလ်ချုပ်လှမိုးတို့က ပေးအပ်ရာ ဒေသခံပြည်သူတစ်ဦးနှင့် ဆရာတော်တစ်ပါးမှ လက်ခံရယူပြီး ဒေသခံပြည်သူများ အတွက်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ သာသနိက အဆောက်အဦး ပစ္စည်းဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်း ငွေကျပ် (၁၀,၄၆၆၀၀) ကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်လူမှုရေးဝန်ကြီးတို့က ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါ သဘာဝလေပြင်း တိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ (၄၀,၄၄၀၀၀) ရှိကြောင်း သိရသည်။

 



ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှုး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လင်းခေးခရိုင် လင်းခေးမြို့နယ်၊ မအွန်လောင်းကျေးရွာအုပ်စု၊ တိယာယိမ်းကျေးရွာ ရွာတွင်းဘီးလမ်း ကွန်ကရစ်ခြင်း လုပ်ငန်းအား သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်တောင်ပိုင်းမှ တာဝန်ယူဆောင်ရွက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့က လမ်းအား ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန လင်းခေးခရိုင်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော နမ့်တိမ်းချောင်းကူး ဘေလီတံတားအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်းမှ တံတားနှင့်ပတ်သက်သည့် အချက်အလက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။ အဆိုပါ နမ့်တိန်းချောင်းကူး ဘေလီတံတား အကျယ်မှာ ၃.၇၅၇ မီတာ၊ ယဉ်သွားလမ်း အကျယ်မှာ ၃.၁၅ မီတာ၊ တံတားခံနိုင်ဝန် ၁၄ တန် (ယဉ်တစ်စီးချင်း)  ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

No comments:

Post a Comment