နေပြည်တော် မေ ၂၁
စိုက်ပျိုးရေးဘွဲ့ရများအသင်း (AUAA)က ဦးဆောင်ကျင်းပသော (၂၃) ကြိမ်မြောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမတွင်လည်းကောင်း၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမများတွင်လည်းကောင်း၊ တစ်ပြိုင်တည်းကျင်းပသည်။
အခမ်းအနားသို့ ကန်တော့ခံ အငြိမ်းစား ဆရာကြီး၊
ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသား၊ကျောင်းသူများ
တက်ရောက်ကြပြီး၊ အခမ်းအနားသို့ လူကိုယ်တိုင်တက်ရောက်နိုင်ခြင်းမရှိသည့် ကန်တော့ခံ အငြိမ်းစား
ဆရာကြီး၊ ဆရာမကြီးများ ကအွန်လိုင်းစနစ်ဖြင့်တက်ရောက်ကြသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးတက္ကသိုလ်မှ
ကွယ်လွန်သူ ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူဟောင်းများကို
ရည်စူးပြုလုပ်သော ကုသိုလ်ကောင်းမှု ဗီဒီယိုမှတ်တမ်းကို တင်ဆက်ပြသပြီး (၁)မိနစ်ခန့်ငြိမ်သက်ကာ
ဆုတောင်းမေတ္တာပို့သကြ သည်။ ဆက်လက်၍ ဆရာကြီးဂုဏ်ထူးဦးသိန်းနိုင် ရေးစပ်သီကုံးသော စိုက်ပျိုးရေးတက္ကသိုလ်
ဘွဲ့ထပ်တွန့်သုံးချက်ညီရှစ်ဆယ်ပေါ်တေးထပ်ဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင်
အမိရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ကြီးက မွေးဖွားပေးလိုက်သည့် ဘွဲ့ရများအနေဖြင့် နိုင်ငံတကာတက္ကသိုလ်များတွင်
ရာနှုန်းပြည့်အောင်မြင်စွာ မဟာသိပ္ပံဘွဲ့ ပါရဂူဘွဲ့များရရှိခဲ့ကြခြင်းသည် တက္ကသိုလ်၏
အရည်အသွေးမြင့်မားမှု၊ ဆရာကြီး၊ ဆရာမကြီးများ၏ ကြီးမြတ်သောပညာဂုဏ်နှင့် တပည့်များ အပေါ်ထားရှိသည့်
မေတ္တာ၊ ကရုဏာ၊ စေတနာများကြောင့်ဖြစ်ပါကြောင်း၊ သို့ပါ၍ ယနေ့အခမ်း အနားတွင် မေတ္တာ၊
ကရုဏာ၊ စေတနာကျေးဇူးများနှင့် အာစရိယဂုဏ်ကိုပူဇော်ကန်တော့ကြ ရမည်ဖြစ်ကြောင်း၊ အငြိမ်းစား
ဆရာကြီး၊ ဆရာမကြီးများ၊ အထူးသဖြင့် အသက်အရွယ်ကြောင့် သွားလာရခက်ခဲသော ဆရာကြီး၊ ဆရာမကြီးများကို
အွန်လိုင်းမှ ပူဇော်ကန်တော့ခွင့်ရရှိသည့် အတွက်ဝမ်းမြောက်မိပါကြောင်း၊ ဆရာနှင့်တပည့်ရင်းနှီးနွေးထွေးသောဆက်ဆံမှုကို
အရင်းခံသော ထူးခြားလှသည့် မြန်မာတို့၏မြတ်နိုးဖွယ်ရိုးရာယဉ်ကျေးမှုတစ်ရပ်ဖြစ်သည့်
အာစရိယ ပူဇော်ပွဲဓလေ့ထုံးတမ်းကို ရေရှည်တည်တံ့စေရေးအတွက် မျိုးဆက်သစ်များအနေဖြင့် လက်ဆင့်
ကမ်းကျင့်သုံးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအတွက်
ကန်တော့ငွေနှင့် ကျန်းမာရေးစောင့်ရှောက်မှုငွေပဒေသာပင်များကို ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက
ပေးအပ်ကြ သည်။
ယနေ့အခမ်းအနားတွင် အငြိမ်းစား ဆရာကြီး၊
ဆရာမကြီး (၁၃၀) ကို တပည့်များက ကန်တော့ ချိုးဖြင့်ပူဇော်ကန်တော့ကြရာ ဆရာကြီးဦးသန်းအောင်၊
ဒေါက်တာသန်းသန်းရှိန်နှင့် ဒေါက်တာတင်ထွဋ်တို့က ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဩဝါဒနှင့်ဆုပေးစကားများပြောကြားပြီး
အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့ကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း
သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment