ရန်ကုန် မေ ၂၁
ပြန်ကြားရေးဝန်ကြီးဌာနက မင်္ဂလာလူငယ်ဖွံဖြိုးရေးပရဟိတဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လယ်စာအလှူငွေနှင့် စာအုပ်စာစောင်များလှူဒါန်းပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ ဘုရားကြီးစံပြကျေးရွာရှိ အဆိုပါလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည်
ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ရုပ်ရှင်အနုပညာရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ
နံနက် ၁၀ နာရီတွင် တွံတေးမြို့ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ရောက်ရှိပြီး
ပရဟိတဂေဟာနာယကဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသနှင့်သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး
နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ ကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာကျွေးမွေးလှူဒါန်းသည်။
ယင်းနောက် မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာခန်းမ၌
ကျောင်းသား၊ ကျောင်းသူများအတွက် အလှူငွေနှင့်စာအုပ်လှူဒါန်းပွဲ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ
တေးဂီတအဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်ပွဲကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဥပဒေချုပ်တို့က
ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားပြောကြားကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ
ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လယ်စာအလှူငွေ ကျပ် ၁၀ သိန်းနှင့် စာပေဗိမာန်ထုတ်
သုတရသ စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းသည်။
ထို့နောက် တိုင်းဒေသကြီး ဥပဒေချုပ်က ပရဟိတဂေဟာအတွက်
အလှူငွေကျပ် ၅ သိန်းကို ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင်များနှင့် ဧည့်သည်တော်အနုပညာရှင်များကတေးသီချင်းများဖြင့်
ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယမန်နေ့ညပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည်
ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပပြုလုပ်သည့်
Friday Night Live Show တေးဂီတဖျော်ဖြေပွဲ တိုက်ရိုက်၊ ရိုက်ကူးထုတ်လွှင့်ရေးဆောင်ရွက်မှုကို
ကြည့်ရှုစစ်ဆေးပြီး အဆိုပါဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြသော ရုပ်ရှင်၊
သဘင်၊ ဂီတ အနုပညာရှင်များနှင့် ထုတ်လုပ်သူများ၊ သတင်း / စာနယ်ဇင်းဆရာများနှင့် ရင်းရင်းနှီးနှီး
တွေ့ဆုံနှုတ်ဆက်အားပေးသည်။
အဆိုပါရိုက်ကူးရေးမစတင်မီ ပြည်ထောင်စုဝန်ကြီးသည်
ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြည်သူများ
အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် အနုပညာရှင်များက တတ်စွမ်းသောအနုပညာဖြင့်
ကြိုးပမ်းလုပ်ဆောင်နိုင်ရေး၊ အနုပညာလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဖြင့် ဆောင်ရွက်လာနိုင်မှုနှင့်အတူ
အနုပညာ လောကဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးပြောကြားပြီး လိုအပ်သည်များညှိနှိုင်းပေါင်းစပ်
ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အနုပညာရှင်များ၊
ထုတ်လုပ်သူများ၊ သတင်း/ စာနယ်ဇင်း ဆရာများ၊ ပရိသတ်များနှင့်အတူ “မနှင့်မောင်” တေးဂီတဖျော်ဖြေပွဲ
တိုက်ရိုက်၊ ရိုက်ကူး ထုတ်လွှင့်မှုကို တက်ရောက်ကြည့်ရှုအားပေးကာ ဖျော်ဖြေတင်ဆက်ခဲ့ကြသော
မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့နှင့် အနုပညာရှင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။
(သတင်းစဉ်)
No comments:
Post a Comment