Friday, May 20, 2022

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


နေပြည်တော် မေ ၂၀

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာချာလီသန်း၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာညွန့်ဖေ၊ ဦးတင်ထွဋ်ဦး၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ ဒေါက်တာ ဌေးအောင်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ် ဖြိုးသန့်၊ ဦးအောင်ကျော်ထွန်း၊ ဦးဝင်းရှိန် တို့ တက်ရောက်ကြပြီး Online မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးကျော်ဆန်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ အလုပ်သမားရေးရာဆိုင်ရာ ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်၊ ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၂၁ ခုနှစ် ဩဂုတ် (၁၇) ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး တွင် နိုင်ငံတော်ဝန်ကြီးချုပ်က “ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ရုံးစိုက်ရာဒေသဖြစ်သည့်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကို အလေးပေးဆောင်ရွက်ရန်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန်” နှင့် “စက်မှုဇုန်များစံပြဖြစ်စေရေးအတွက် Skilled Labour များအား အဆင့်အလိုက် Certificate ထုတ်ပေးနိုင်ရေးဆောင်ရွက်ရန်၊ စက်ရုံအားလုံးမှတ်ပုံတင်နိုင်ရန်နှင့် SME လုပ်ငန်း များ စနစ်တကျရှိစေရေး စီမံဆောင်ရွက်ရန်” လမ်းညွှန်ခဲ့သည့်အတွက် မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နိုင် သည့် အသက်အရွယ်ရှိ အလုပ်အကိုင်ရှာဖွေနေသူများအား အသက်အရွယ်နှင့် သင့်လျော်သော အလုပ်အကိုင် ရွေးချယ်ရေး၊ အလုပ်အကိုင်ရရှိရေး၊ အလုပ်ခွင်တည်မြဲရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးတို့တွင် ကူညီရန်၊ လုပ်ငန်းခွင်နှင့် ကိုက်ညီသင့်လျော်သည့် အလုပ်သမားရရှိရေးအတွက် အလုပ်ရှင်များအားကူညီရန်၊ လွယ်ကူ သော အလုပ်အကိုင် အခွင့်အလမ်းများနှင့် လုပ်ငန်းများ စီမံဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအ‌နေများနှင့် တွဲဖက်အတွင်းရေးမှူး အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဆုံးဖြတ်ချက်ရန်အချက်များနှင့် မှတ်တမ်း တင်ရန်အချက်များကို တင်ပြဆွေးနွေးသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက Test Item Database တည်ထောင်ထားရှိမှုနှင့် ကုန်ကျစရိတ်များကို နိုင်ငံတော်ဘက်ဂျက်မှ ပုံမှန်ကျခံ သုံးစွဲခွင့်ပြုရေးနှင့်ပတ်သက်၍လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က စံချိန်စံညွှန်း သတ်မှတ်ရေးအတွက် နိုင်ငံတကာ စံချိန်စံညွှန်းများကို ရယူသင့်ကြောင်းနှင့် ပတ်သက်၍လည်းကောင်း၊ ကျန်းမားရေးဝန်ကြီးဌာန၊ ဒေါက်တာ သက်ခိုင်ဝင်းက နည်းဥပဒေကို အမြန်ဆုံးရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပတ်သက်၍ လည်းကောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က မြန်မာလုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရန် ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးအတွက် လုပ်သားတစ်ဦးချင်း ကုန်ကျစရိတ်များကို ဘဏ္ဍာရေး စည်းမျဉ်းနှင့်အညီ သုံးစွဲနိုင်ရေး လုပ်သား(၁)ဦး ကုန်ကျစရိတ်များကို စိစစ်အတည်ပြု၍ စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က လုပ်သားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေထူထောင်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက လုပ်သား (၁)ဦး ကျွမ်းကျင်မှုအဆင့်-၁ စစ်ဆေးအကဲဖြတ် ရာတွင် လိုအပ်သည့်ပစ္စည်းဝယ်ယူရန် ကုန်ကျစရိတ်များနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဒုတိယဥက္ကဋ္ဌ (၁) စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ အမြန်ဆုံးရေးဆွဲရေးအတွက် ကျွမ်းကျင်သူများပါဝင်ရေး၊ အလုပ်ရှင်များ ထည့်ဝင်ကြေးနှင့် ပတ်သက်၍လည်းကောင်း Skills Development နှင့်ပတ်သက်ပြီး နိုင်ငံတကာ စံချိန်းစံညွှန်း များ၊ လုပ်နည်းလုပ်ဟန်များကိုအခြေခံ၍ ရေးဆွဲရေးနှင့် ပတ်သက်၍ လည်းကောင်း သုံးသပ်ဆွေးနွေးသည်။

ယင်းနောက် Online မှ တက်ရောက်ကြလာသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမား များအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဦးရန်ဝင်းတို့မှ ဆုံးဖြတ်ရန် အချက်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးတွင် မှတ်တမ်းတင်ရန်အချက်များ အတည်ပြုခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပြီး အလုပ်အကိုင်နှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားသည်။

(သတင်းစဉ်)

 

No comments:

Post a Comment