Friday, May 20, 2022

ရန်ကုန်ပညာရေးတက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

ရန်ကုန် မေ ၂၀

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ (ပထမနှစ်) သင်တန်းကို မေ ၁၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ တက်ရောက် လာကြသည့် သစ်လွင်ကျောင်းသား၊ ကျောင်းသူများ ကြိုဆိုပွဲအခမ်းအနားကို မေ(၁၉)ရက် မွန်းလွဲ(၁)နာရီတွင် ရန်ကုန် ပညာရေး တက္ကသိုလ်၊ Learning Hub ခန်းမ၌ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်များ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ မော်ကွန်းထိန်းများ၊ အဆောင်မှူးများနှင့် သစ်လွင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍကို တိုးတက်အောင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာဆည်းပူးရခြင်းဖြင့် ဆရာအတတ်ပညာများနှင့် အဓိက ဘာသာရပ်ကြီး များပူးပေါင်းထားသော ခေတ်မီသင်ရိုးများကို သင်ယူရရှိနိုင်မှာ ဖြစ်ပါကြောင်း၊ ထိုသို့ခေတ်မီပေါင်းစပ် ပညာရေးကို သင်ယူနိုင်ခြင်းအားဖြင့် မဝေးသော အနာဂါတ်တွင် အရည်အသွေးရှိသော သင်ကြား၊ သင်ယူမှု လုပ်ငန်းများကို ဆောင်ရွက်နိုင်မည့် ဆရာ၊ ဆရာမများ အမှန်တကယ် ဖြစ်လာတော့မည်ဖြစ်ပါကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်ပင် အရေးကြီးလှကြောင်း၊ ထူးချွန်ထက်မြက်သည့် အနာဂါတ်မျိုးဆက်သစ်များ ပေါ်ထွန်းရေးမှာ ဆရာများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်ပေါ်တွင် မူတည်ကြောင်း ပြောကြားသည်။

ထို့နောက် ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဘက်စုံအသုံးပြု နိုင်ရန်အတွက် ထောက်ပံ့ငွေ တစ်ဆယ့်ငါးသိန်းကျပ်ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန် ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်ထံ ပေးအပ်သည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက ဒု-ပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ မော်ကွန်းထိန်းများနှင့် မိတ်ဆက်ကြပြီး ပညာရေးဘာသာရပ်၊ သိပ္ပံဘာသာရပ်၊ ဝိဇ္ဇာဘာသာ ရပ်တို့မှ ပါမောက္ခ(ဌာနမှူး)များက ဘာသာရပ်နှင့် ပတ်သက်၍လည်းကောင်း၊ မော်ကွန်းထိန်းမှ သင်တန်းရေးရာနှင့် ပတ်သက်၍လည်းကောင်း မိတ်ဆက် စကားများ ပြောကြားကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သစ်လွင် ကျောင်းသား၊ ကျောင်းသူ များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment