Thursday, May 5, 2022

တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ ဆေးဝါးများ၊ လိုင်စင်မဲ့ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

 နေပြည်တော် မေ ၄

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၃ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ မော်လမြိုင် မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၉၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် ခြောက်ဘီးကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၉၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သထုံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်၌ တရားမဝင်တင်ဆောင်လာသော M-150 အချိုရည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။

ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့ စက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၄၂၅၀၀၀) ကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ် ကုန်လှောင်ရုံ၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဆေးဝါးများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၁၁၅၅၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၅၄၀၅၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပခုက္ကူမြို့နယ်အတွင်း တရားမဝင် ရေနံစိမ်း ဂါလန် ၁၃၅၀၀ ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၇၅၀၀၀၀) နှင့် အဆိုပါရေနံစိမ်းများ တင်ဆောင်လာသည့် ကုန်တင် ယာဉ်သုံးစီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၇၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မေ ၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းသစ် ၁ ဒသမ ၃၈၆၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၇၉၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ကိုင်းမြို့နယ်အတွင်း သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းတံခါးချပ် ၁ ဒသမ ၄၈၉၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၆၉၄၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီးနှင့် ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၄၆၉၄၀ ကို သိမ်းဆည်း အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၃ ရက်နှင့် ၄ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၇ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၉၇၄၅၃၄၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

 

No comments:

Post a Comment