နိုင်ငံအများတွင် စံနမူနာပြ စံပြမြို့ရွာများ တည်ဆောက်ထားကြသည်။ အထူးသဖြင့် နိုင်ငံများ၏ မြို့တော်များကို မြို့တော်အင်္ဂါရပ်နှင့်အညီ စံနမူနာပြ မြို့တော်ဖြစ်အောင် တည်ဆောက်ကြသည်။ စံနမူနာပြမြို့ဟူသည် တစ်မျိုးကောင်း၊ နှစ်မျိုးကောင်းမဟုတ်ဘဲ မြို့ရွာသာယာလှပမှု၊ မြို့ပြဖွံ့ဖြိုးမှု၊ သန့်ရှင်းသပ်ရပ်မှု၊ လူမှုစီးပွားတိုးတက်မှု အဘက်ဘက်တွင် အခြားမြို့ရွာများထက် ပိုမိုသာလွန် ကောင်းမွန်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စီးပွားရေးမြို့တော်မှာ ရန်ကုန်မြို့ဖြစ်ပြီး
အုပ်ချုပ်ရေးမြို့တော်မှာ နေပြည်တော်ဖြစ်သည်။ နေပြည်တော်မှာ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့်အပြင်
အစစအရာရာတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံတကာအလယ်တွင် ဂုဏ်တင့်တယ်သည့် မြို့တော်ဖြစ်အောင်
အဆက်မပြတ် တည်ဆောက်လျက်ရှိသည်။ နေပြည်တော်သည် သဘာဝပတ်ဝန်းကျင် အထူးကောင်းမွန်ပြီး
အရှေ့ရိုးမနှင့် အလယ်ရိုးမ တောင်တန်းကြီးနှစ်ခုကြားတွင် တည်ရှိသည်။ ပေါင်းလောင်း(စစ်တောင်းမြစ်)၊
ငလိုက်ချောင်း၊ ဆင်သေချောင်းများ အပါအဝင် ချောင်း၊ မြောင်းများ ရှိပြီး
မြေဆီမြေနှစ် ကောင်းမွန်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၉
ရက်နေ့ကပြုလုပ်သည့် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် “နေပြည်တော်ကောင်စီနယ်မြေသည်
နိုင်ငံတော်၏ မြို့တော်ဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ပြီး
Green City ၊ Clean City ၊ Smart City အဖြစ်
တိုးတက်အောင် ဆောင်ရွက်၍ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏
စံပြနယ်မြေတစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း” လမ်းညွှန်မှာကြားထားသည်။
နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံတော်၏ မြို့တော်တည်ရှိရာ
ဒေသဖြစ်သည်နှင့်အညီ ဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရုံးဌာနများအား
စနစ်တကျဖွဲ့စည်းထားပြီး နိုင်ငံတကာအလယ်တွင် တင့်တယ်သည့် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်အောင်
တည်ဆောက်ထားသည်။ မြို့တော်ကို ပန်းမန်သစ်ပင် ဥယျာဉ်များဖြင့် လှပဝေဆာအောင် ဖန်တီးထားပြီး
မြို့တော်သန့်ရှင်းသာယာလှပရေးကို နေ့စဉ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။
ယခုအချိန်တွင် အဆင့်အတန်းမြင့်သော မြို့တော်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး
နေပြည်တော်ကောင်စီနယ်မြေ၏ ရေခံမြေခံ သဘာဝအခြေခံကောင်းများကို အခြေခံ၍
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရသည် တိုင်းပြည်သာယာဝပြောရေးနှင့်
စားရေရိက္ခာဖူလုံရေး အမျိုးသားရေး ရည်မှန်းချက်ကိုချမှတ်ထားရာ စိုက်ပျိုးမွေးမြူရေး
အခြေခံကောင်းများ ရှိပြီးဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်း စံပြမွေးမြူရေးဇုန်၊
စိုက်ပျိုးရေးဇုန်များ တည်ထောင်ကာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ စံပြနယ်မြေတစ်ခုဖြစ်အောင်
အကောင်အထည်ဖော်လျက်ရှိသည်။ နေပြည်တော် ကောင်စီနယ်မြေအတွင်း
အကောင်အထည်ဖော်လျက်ရှိသော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး၏စံပြအဖြစ်
အကောင်အထည်ဖော်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ
မြန်မာနိုင်ငံ၏ ဗဟိုနေရာဌာန နေပြည်တော်ကောင်စီနယ်မြေမှ တစ်နိုင်ငံလုံးနှင့်
ကုန်စည်ကူးသန်းမှု၊ အလုပ်အကိုင် အခွင့်အလမ်းပွင့်လန်းမှုများ
တိုးပွားဖြစ်ထွန်းလာမည် ဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျွဲ၊ နွား၊ ဆိတ်၊ ဝက်နှင့်
ကြက် မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းလျက်ရှိပြီး တပ်ကုန်းမြို့ပတ်ဝန်းကျင်တွင်
မွေးမြူရေးဇုန်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးပညာရပ်များ
ပြန့်ပွားစေရေးအတွက် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့်
ကုသရေးတက္ကသိုလ်နှင့် သစ်တောတက္ကသိုလ်များ နေပြည်တော်ကောင်စီနယ်မြေတွင်
ဖွင့်လှစ်ထားသည်။ ဝန်ကြီးဌာနများ ရုံးစိုက်ရာနယ်မြေဖြစ်သဖြင့် စိုက်ပျိုးရေးနှင့်
မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေအောင်
ဆောင်ရွက်ရေး၊ စံပြဖြစ်အောင် ဆောင်ရွက်ရေးအတွက် အားသာချက်များရှိသည်။
နေပြည်တော်ကောင်စီနယ်မြေသည် မြန်မာနိုင်ငံ အထက်အောက်သွားလာနိုင်သော
အမြန်လမ်းမကြီးနှင့် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိသည့်အတွက်
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သကဲ့သို့ လျှပ်စစ်ဓာတ်အားများလည်း
လုံလောက်စွာရရှိနိုင်သည်။ ထို့ကြောင့် နေပြည်တော်ကောင်စီနယ်မြေကို
အစိမ်းရောင်မြို့တော်၊ သန့်ရှင်းသောမြို့တော်၊ အဆင့်အတန်းမြင့်မားသော
မြို့တော်အဖြစ် ဆက်လက်ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ငန်းများကိုလည်း စံပြအဖြစ်
တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး
အခွင့်အလမ်းများစွာ ရရှိလာမည်ဖြစ်သည်။
သို့ဖြစ်ရာ အခြေခံကောင်းများ အားလုံးပြည့်စုံနေသော
နေပြည်တော်ကောင်စီနယ်မြေကို ဆက်လက်အဆင့်မြှင့်တင် ဖော်ဆောင်ခြင်းဖြင့်
တစ်နိုင်ငံလုံးအတွက် စံနမူနာပြမြို့တော်အဖြစ် ငွားငွားစွင့်စွင့် အကောင်အထည်ပေါ်လာပြီ
ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment